မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၈  မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၇ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာအနီး ရွှေဘို -  မြစ်ကြီးနား ကားလမ်းပေါ်၌ ဘိုဘိုနောင်လတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ကွင်းဆက်အရ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်နေ ထွန်းစိုး(ခ)ဘိုဘို၏ အင်္ကျီအိတ်ကပ်အတွင်းမှ DIAZEPAM ထိုးဆေး ၅ ပုလင်းနှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ထွန်းစိုး (ခ)ဘိုဘို ဖွင့်လှစ်ထားသည့် မြို့မရပ်ကွက်ရှိ ဆေးဆိုင်မှ TRAMADOL HCL ဆေးတောင့် ၃၂ တောင့်နှင့် DIAZEPAM ထိုးဆေး ၉ ပုလင်း တို့ကို လည်းကောင်း။

 

အလားတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့ နန့်ခါရပ်ကွက် ဘူတာလမ်း အိမ်အမှတ် (နခတ/၂၂)ရှိ ခိုင်မင်း၏ ဆေးဆိုင်မှ Ketamine Hydrochloride ထိုးဆေး ၁၃ ပုလင်း၊ Tramadol ထိုးဆေး ပုလင်း  ၂၉၄၀ ၊ Tramadol ဆေးတောင့် ၁၁၀၂၀၀ ၊ Diazepam ထိုးဆေး ပုလင်း ၉၃၁၀၊ Diazepam ဆေးပြား ၁၈၃၀၀၊ Alprazolam ဆေးပြား ၂၉၀၀ နှင့် Lorazepam ဆေး ပြား ၆၀၀ တို့ကိုလည်းကောင်း။

 

ထို့ပြင် ညနေ ၄ နာရီတွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၁)ရပ်ကွက် ငုဝါလမ်း နှင့် သဇင်လမ်းကြား၊ ၆၂ လမ်းတွင် စိုးအောင်(ခ)ဝင်းအောင် မောင်းနှင်ပြီး ကြည်ခိုင်(ခ) ဖိုးသားကြီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ကြည်ခိုင်(ခ) ဖိုးသား ကြီး၏ လက်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

 

ရဲပြန်ကြား