မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချော ကျေးရွာရှိ အောင်မျိုးဦး (ခ)အောင်လှိုင်ဦး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆နာရီတွင် ပုသိမ်ကြီး မြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ရွှေစာရံကျေးရွာအနီးတွင် သန်းဖြိုးဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၁၇ ရက် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ပို့ဆောင်သူ သီဟစိုးနှင့် စိုင်းဝန်းကျောက် တို့အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၄ ဒသမ ၉၂ ကီလို ကိုလည်းကောင်း၊ စစ်ဆေးချက်အရ ည ၈ နာရီတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ စိုင်းဝန်းကျောက်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water သုည ဒသမ ၀၈ ကီလို၊ ကက်တမင်း သုည ဒသမ ၀၄ ကီလို ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်