မြို့နယ်အချို့တွင် စုစုပေါင်း တရားမဝင်သစ် ၁၉၆ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၂၂   ဇွန်

 

သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၅ ရက်မှ ၂၁ အတွင်း ကနီမြို့နယ်၊ နတ်လာပို့ဘိနယ်၊ မင်းအိုရွာအနီး တရားမဝင်အင်ခွဲသား ( ၃၀ ဒသမ ၅၀၂၂ )တန်၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာအောက်ဘက် ချင်းတွင်းမြစ်အတွင်း ကညင်သစ် (၅၇) တန်၊ ဝန်းသိုမြို့နယ်၊ မံကပ်ကြိုးဝိုင်း အကွက်အမှတ် (၈၀)၊ နမ့်ခမ်းကြိုးဝိုင်းအကွက် အမှတ် (၁၇၊ ၁၈၊ ၂၆) အတွင်းနေရာတို့၌ တရားမဝင် ကျွန်းသစ်/ခွဲသား (၇၃) တန်၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကြိုးဝိုင်း အကွက်အမှတ် (၁၇) အတွင်းနှင့် မကျည်းပင် ကျေးရွာအနီးမှ  ဂျင်ဒေါင်း (၂၅) ကောင်အင်ဂျင် (၁) လုံးပါ သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ ကျွန်းသစ်/ခွဲသား (၁၇)တန်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

 

ထို့အပြင် ကသာ-ဗန်းမော် ကားလမ်းမိုင်တိုင် ( ၂၃၊ ၂၄ ) ရှိ နေအိမ်ခြံဝင်းအတွင်းနှင့် အနီးဝန်းကျင် နေရာများ၌၊ တရားမဝင် ကျွန်း/ ကညင်သစ်/ ခွဲသား (၁၀) တန်နှင့် ပြစ်မှုကျူးလွန်သူ (၁) ဦး၊ အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ ပိန်တန်းရပ်ရှိ နေအိမ်ခြံဝင်းအတွင်း ယာဉ်ပေါ်နှင့် ခြံဝင်းအတွင်း တရားမဝင်အင်ခွဲသား (၉) တန်နှင့် ပြစ်မှုကျူးလွန်သူ တစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)