မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၇ ဇွန်

မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် ည ၁၁ နာရီတွင်  မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာလမ်းတွင် ကိုလင်း မောင်းနှင်ပြီး ဂျွန်းအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၂၂၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး ၅,၂၆၅ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကိုလည်းကောင်း၊ အလားတူ ဇွန် ၆ ရက်က မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်နေ မညိုညိုဝင်း၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ သမီးဖြစ်သူ မနန်းသိမ့်သိမ့်ထွန်းနှင့်အတူ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၁၄၀  တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇွန် ၆ ရက် ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်-နမ့်စန်သွားကားလမ်းတွင် ပေါ်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။ 

ထို့အတူ ယင်းနေ့ နံနက်  ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာသွား ကားလမ်းဘေးရှိ အားခွေနှင့် ဒေါ်မီချူးတို့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းတို့နှင့်အတူ အားတ အားတွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေး  ၁၅,၉၅၅ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား(အကြေမှုန့်) ၂၄၀ ဂရမ်၊ ဘိန်းဖြူ ၈၀ ဒသမ ၂ ဂရမ်၊ ဘိန်းစိမ်း ၁၀ဝ ဂရမ်၊ တူမီးသေနတ် ၃ လက်နှင့် ထိုင်းနိုင်ငံသုံးငွေ ဘတ်  ၄၀,ဝ၀ဝ တို့ကို လည်းကောင်း၊

အလားတူ နံနက် ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက်၊ အမှတ်(၃)လမ်းရှိ မလွမ်းပါ ၏နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ ၂၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၃၀ တို့ကို လည်းကောင်း၊

နံနက် ၉ နာရီ မိနစ် ၅၀ က တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ မန်လော်ကျေးရွာအုပ်စု၊ ကာပူကျိုင်းကျေးရွာလမ်းတွင် ဖူဝင်မြီ အားစစ်ဆေးရှာဖွေရာ  ဘိန်းဖြူ  ၉ ဂရမ်သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀ဝ  ထပ်မံ သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)