မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၈   ဇွန်

မူးယစ်တပ်ဖွဲ့စု(၃၂)မြဝတီမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၇ ရက် ညနေ ၆ နာရီက  မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြလင်းအေးမြိုင်လမ်းရှိ စောတစောင်း(ခ)တူးတူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉,၉၆၂ ပြားနှင့် ငွေကျပ် ၅,ဝ၀ဝ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ညနေ ၄ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ တမူး-ကလေးသွားကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် အိန္ဒိယနိုင်ငံသား ထန်လွန်းဟိုကိ(Thang Lhun Haokip) ၏ထံမှ Buprenorphine ဆေးပြား ၈၁ ပြား ကိုလည်းကောင်း၊

ယင်းနေ့ ညနေ ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်စန့်ကျေးရွာရှိ အားရှင်း(ခ)ကျန်းကွမ်းချန့်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၂၀ဝ နှင့် ဘိန်းဖြူ ၁၂ ဂရမ် တို့ကို လည်းကောင်း၊

ထို့အတူ ည ၇ နာရီတွင်  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းအနီးတွေ့ရှိသူ ထိုင်းနိုင်ငံသား MANOP LIMTIV (ခ)TAM(ခ)မာနွတ်လင်သု အား စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ခေတ္တာလမ်းသွယ်ရှိ ၎င်း၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၀ ပြားထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)