မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၃ နိုဝင်ဘာ

 

ရွာသစ်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက  စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း - ရွှေဘို - မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၂၆/၆) နှင့် (၂၆/၇)ကြားတွင် မော်တော်ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဇော်ထက်ခိုင်(ခ)ဇော်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ၊ မြန်မာငွေကျပ် ၃၈၀ဝ၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၃ နာရီခွဲက ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့၊ ကျောင်းတိုက်စုရပ်ကွက်၊ မေတ္တာလမ်းတွင် တွေ့ရှိသူ ဂျွန်သူရိန်မိုး (ခ) ဂျွန်မောင် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ပြား၊ မြန်မာငွေကျပ် ၄၀၁၅၀ နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေမလင်းလင်း၏ နေအိမ်အားရှာဖွေရာ ၎င်းနှင့်အတူ မောင်ဝိုက်အားတွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၇၀၊ မြန်မာငွေ ကျပ် ၈၃၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု(၄၀) ရန်ကုန်(မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့၊ ကမ်းနားအနောက်ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းသွယ်လမ်းပေါ်တွင် မဂျူးဂျူး(ခ)မေသူအောင်နှင့် မနီနီချိုတို့ ၂ ဦးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၀၊ ဆေးခြောက် ၃၁ ဂရမ်၊ အိုက်စ် ၂ ဒသမ ၇ ဂရမ်၊ မြန်မာငွေကျပ် ၁၇၈၀ဝ၀ လက်ကိုင်ဖုန်း  ၁ လုံးတို့ကို လည်းကောင်း။

အလားတူ ထိုနေ့ ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၂)၊ မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ (၁၀၅)မိုင်(မိုင်းယု)ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-လားရှိုး ကားလမ်းပေါ်တွင် ကြောင်ရှော့အန်း (ခ) ဝင်းထွန်း မောင်းနှင်လာသည့် TOYOTA Crown အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၆၆၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား