မြို့နယ်အချို့တွင် တရားမဝင်သစ် ၄၇ တန် ဖမ်းဆီးရမိ

နေပြည်တော် ၂၄  ဇူလိုင်

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်‌သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်ကြီး ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် ကျွန်းသစ် (၁၁) တန်၊

 

ထို့အတူ ပိတ်ချင်းတော ကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ် လှည်း(၄)စီးနှင့်အတူ တရားမဝင် ပျဉ်းကတိုး/အင်/ကညင်/သစ်ယာသစ်/ခွဲသား (၁၅)တန်၊ တန့်ဆည်မြို့နယ် ရွာမုံတောင် ကြိုးပြင် ကာကွယ်တောအတွင်း၊ ဇီးပြားချောင်းဘေး၊ အင်တိုင်းတောအတွင်းမှ တရားမဝင် အင်ခွဲသား(၅)တန်၊ ဆောမြို့နယ်၊ ကြီးကျေးရွာအနောက်မြောက်ဘက် (၂)မိုင်(၃) ဖာလုံခန့်အကွာ ဒန့်ဒီးကြိုးဝိုင်း အကွက်အမှတ် (၂၆)အတွင်း တရားမဝင် ကျွန်းခွဲသား (၄)တန် အား ဖမ်းဆီးရမိခဲ့သည်။ 

 

ထို့အပြင် အင်းတော်မြို့နယ်၊ ကွင်းချောင်းကျေးရွာ အနောက်မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ် (၁၃)တန်အား စက်လှေ(၁)စီးပေါ်မှ တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်းတွင် အမှု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)