မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၇  စက်တင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၃ ရက်မှ ၁၆ ရက်အတွင်း သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်  ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာ အရှေ့ဘက် ချင်းတွင်းမြစ် အတွင်း တရားမဝင် တောင်သရက်/ သပြေ/ နဘဲခွဲသား (၅)တန်၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်(၅၁/၂)မှ နတ်အိမ်တောင်သွား ကားလမ်းအတွင်း (၁၅)မိုင်ခန့် အကွာမှ တရားမဝင် ကတွဒ်ခွဲသား (၃)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

 ထို့အပြင် ရမည်းသင်းမြို့နယ်၊ ဆားကျင်းကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခန့်အကွာတွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ဒီဒူး (၃)ပေအောက်  (၂)တန်နှင့် တရားခံ(၂)ဦး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်း၊ သံတံခါးဂိတ်ဝနေရာ ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ (၄၅)ပိဿာနှင့် တရားခံ(၂)ဦး၊ မုံရွာမြို့နယ်၊ စက်မှုဇုန် ရပ်ကွက်၊ နယ်မြေ(၂)၊(၃၄)လမ်းတွင် ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁)တန်ခန့် နှင့် တရားခံ(၁)ဦး၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေး တာဆုံအနီး၊ ကဘော်လက်ပံ တည်းခိုခန်းတွင် တရားမဝင် ဆင်စွယ် အစိတ်အပိုင်း(၅၀ဝ)ဂရမ်နှင့် သံထည်ဆက်စပ်ပစ္စည်း (၇)မျိုးနှင့်တရားခံ(၁)ဦး၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွား ကားလမ်း (၂၁)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက် အစိတ် အပိုင်းဆိုဒ်စုံ (၃)တန်ခန့်နှင့် တရားခံ(၂)ဦး၊ ကျိုက်ထို မြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မုပ္ပလင်လမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးစခန်း အနီးနေရာ၌ ယာဉ်ပေါ်မှ တရားမဝင် ကျွန်း တံခါးချပ် (၁)တန်ခန့်နှင့်  တရားခံ(၁)ဦးတို့အား  ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)