မြို့ပြများ စနစ်တကျတိုးတက်နိုင်ရေး

ယခုဆိုလျှင် ရန်ကုန်မြို့သည် လူဦးရေ ခြောက်သန်းကျော်အထိရှိနေသည့် မဟာမြို့ကြီးတစ်မြို့အဖြစ် ကြီးထွားနေခဲ့ပြီဖြစ်သည်။ ပြဿနာများကလည်း ထင်ထင်ရှားရှား ပေါ်ပေါက်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်ကနှင့် နှိုင်းယှဉ်လျှင် များစွာပိုမိုဆိုးရွားလာနေပြီဖြစ်သည့် မြို့တွင်းသွားလာရေးခက်ခဲမှု အကျပ်အတည်းကြီးကို ကြုံနေရပြီ။ အများပြည်သူသုံး ခရီးသွားလာရေးစနစ်က ကျယ်ပြန့်ထွန်းကားမှုမရှိဘဲ လမ်းများပေါ်တွင် အတောင့်လိုက်ဖြစ်ကာ ကျပ်တည်းနေသည့် လမ်းပိတ်ဆို့မှုများက ကြီးစိုးနေသည်။ ဓာတ်ဆီ၊ ဒီဇယ် ညှော်နံ့၊ မီးခိုးငွေ့များနှင့်အတူ ညစ်ညမ်းလှသည့် ဆိုးဆိုးရွားရွား အနံ့အသက်များ၊ ဆူညံပွက်လောရိုက်နေသည့် ဆူညံသံ ညစ်ညမ်းမှုများဖြင့် လွှမ်းနေသော လေထု၊ နောက်ကျိညစ်ထေးနေသည့်အပြင် မိုးရွာသည်နှင့် ရေကြီးရေလျှံမှုတို့ ကြုံလာရတတ်သည့် မြစ် ချောင်း ရေမြောင်းများ၊ မြို့ထဲဝန်းကျင်တစ်ခုလုံးလိုလိုမှာ ကြဲပြန့်နေသည့် အမှိုက်သရိုက်များ၊ ကျပ်ညပ်သိပ်သည်းကာ ကျန်းမာရေးအဆင့် နိမ့်ကျစွာနေကြရရှာသည့် ကျူးကျော်အိမ်ရာများ၊ လေလွင့်ခွေးများနှင့် အညစ်အကြေးများ၊ ကွမ်းတံတွေး ဗရပွဖြင့် ခြယ်မှုန်းထားသော မြို့တော်ကြီး ဖြစ်နေပြီ။

မီးဘေး၊ ရေဘေး၊ မတော်တဆဘေး၊ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကို တစ်စွန်းတစ်စ ကြုံရသည်လျှင်ပင် ထွက်ပြေးလွတ်မြောက်စရာ စုဝေးရှောင်တိမ်းခိုနားရာ နေရာကွက်လပ် ရှားပါးနေပြီ ဖြစ်သည့် မြို့နယ်အများအပြားဖြင့် ဖွဲ့စည်းထားသည့် မြို့တော်ကြီးဖြစ်နေပြီ။ လူတကာ ဖူးမြော်ကြည်ညို ကုသိုလ်ပွားရသည့် ကျက်သရေပြည့်၀ သပ္ပာယ်လွန်းလှသည့် ရွှေတိဂုံစေတီတော်ကြီးသည်ပင် မှုန်ပျပျသာ မြင်ရသည့် အနေအထားဖြစ်နေပြီ။ ငွေကြေးတတ်နိုင်သူတို့သာ မိမိတို့ အိပ်ခန်းဆောင်တွင်းမှ ဖူးမြော်နိုင်အောင် ခွင့်ပြုထားသည့် တိုက်မြင့်တို့က ကွယ်ကာထားလေပြီ။

သည်လိုပြဿနာများက လွန်ခဲ့သော ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့်ကတည်းက ကြိုတင်ပြင်ဆင် စီမံကိန်းများ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ပါမှ ယခုအချိန်တွင် သက်သာနိုင်မည့်ကိစ္စ များပင်။ ငွေကြေးအမြတ်အစွန်း တစ်ခုတည်းအတွက်ကို ရှုမြင်တတ်သည့် စီးပွားရေး ရေတိုအမြင်နှင့် ဆောက်ချင်သည့်နေရာတွင် ဆောက်ချင်သလို ဆောက်ခွင့်ပေးရုံဖြင့် ဖွံ့ဖြိုးတိုးတက်သည့် မြို့တော်ကြီးဖြစ်ပြီဟု ထင်ခဲ့သည့် ရလဒ်များကို သင်ခန်းစာယူသင့်ပြီ။ မွန်းကျပ်နေသည့် ပတ်ဝန်းကျင်၊ သွားလာ ဝင်ထွက်ရန် ခက်ခဲနေသည့် မိုးမျှော်တိုက် အိမ်ရာစီမံကိန်းတို့သည် ရုတ်တရက် ဆွဲဆောင်မှု ရှိကောင်း ရှိမည်ဖြစ်သော်လည်း ဝယ်ယူနေထိုင်မည့်သူတို့က သည်လိုဝန်းကျင် အာဝါသကို ဈေးမြင့်မြင့်ပေးကာ ဝယ်ယူရန် အစဉ်းစားကြီး စဉ်းစားလာသည်နှင့်အမျှ စီးပွားရေး တွက်ခြေမကိုက်ဖြစ်ရသည်မှာ မြို့ပြဥပဒေ စည်းမျဉ်းတို့ကြောင့်မဟုတ်ဘဲ စည်းမျဉ်းတို့ကို လက်တစ်လုံးခြား ရှောင်ကာလွှဲကာဖြင့် ဖြစ်သင့်ဖြစ်ထိုက်၊ ထွန်းကားသင့် ထွန်းကားထိုက်သည့် မြို့ပြအစီအမံအတိုင်းမဟုတ်ဘဲ ရေရှည်မကြည့်ခဲ့သောကြောင့် ဖြစ်ရသည်များလည်း ရှိနေသည်ဆိုခြင်းကို နားလည်သင့်ကြပြီ။

မြို့ပြစီမံကိန်းများဆိုသည်ကလည်း အချိန်အားဖြင့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် ကြိုတင်ပြင်ဆင် စီမံကိန်းများ ရေးဆွဲချမှတ်ရ၊ အကောင်အထည်ဖော်ရ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကွပ်ရသည့် လုပ်ငန်းမျိုးဖြစ်ပါသည်။ ချက်ချင်းပြင်ဆင်၊ ချက်ချင်းဆုံးဖြတ်၊ ချက်ချင်းအကောင်အထည် ဖော်လို့ရမည်မဟုတ်ပါ။

စီမံကိန်းများကို နားလည်တတ်ကျွမ်းသူများ၊ မြို့ပြတွင်နေထိုင်သည့် မြို့ပြပြဿနာများကို လက်တွေ့ခံစားရမည့်ပြည်သူများ လက်တွဲကာ အဖြေထုတ် ရေးဆွဲချမှတ်ရသည့် လုပ်ငန်းများဖြစ်ပါသည်။ နိုင်ငံတကာ အတွေ့အကြုံရှိသူများကို လိုအပ်သကဲ့သို့ မြို့ပြပြည်သူလူထု၏ သဘောထားနှင့် ပါဝင်ပတ်သက်မှုတို့လည်း အမှန်တကယ်လိုအပ်မည်ဖြစ်ပါသည်။ ။

လွန်ခဲ့သော ၁၆ ဒီဇင်ဘာ ၂၀၁၉ နေ့များက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် အမျိုးသားမြို့ပြမူဝါဒ ချမှတ်ရေးညီလာခံတစ်ရပ် ကျင်းပသည်ကို သတင်းများ၌ တွေ့မြင်ရသည်။ ဤအကြောင်းအရာမှာ မြန်မာနိုင်ငံအတွင်းရှိ မြို့ပြများ အရှိန်အဟုန်ဖြင့် ကြီးထွားလာမှုနှင့်ဆက်စပ်၍ လွန်စွာအရေးကြီးသည့် ဆွေးနွေးမှုအဖြေရှာမှုဟု ရှုမြင်ပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ ပညာရှင်များ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပြများကို စနစ်တကျ ဖွံ့ဖြိုးနိုင်ရေးအတွက် ဘက်စုံထောင့်စုံက ဖြေရှင်းနိုင်မည့်အကြံများ၊ နမူနာများ၊ စည်းမျဉ်းဥပဒေများကို ဆွေးနွေးကြရင်း အကောင်အထည်ဖော်နိုင်ရေး အစီအမံများကို တင်ပြခဲ့ကြပါသည်။

မြို့ပြများဆိုသည်မှာ လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ၊ ကျေးလက်တောရွာများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ အဆင့်မြင့်ပညာသင်ယူနိုင်မှု၊ ကျန်းမာရေးအစောင့်အရှောက်ရနိုင်သည့် အခြေအနေ စသည်တို့နှင့် မြို့ပြများ၏ အထွေထွေသော ဆွဲဆောင်မှုတို့ကြောင့် မြို့ပြများက ကြီးထွား လာနေမည်သာ ဖြစ်သည်။ ထိုသို့ မြို့ပြတို့ စနစ်တကျတိုးတက်ကြီးထွားလာအောင် ထိန်းကွပ်မပေးနိုင်လျှင် ပရမ်းပတာ ကြီးထွားလာသည့် မြို့ပြများက ပြည်သူလူထုအတွက် ကြီးမားသော အန္တရာယ်များ ဖြစ်လာပေလိမ့်မည်။

နေချင့်စဖွယ်မြို့ပြများဆိုသည်က မှန်ကန်သောမြို့ပြမူဝါဒဟူသည့် ပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို ချင့်ချိန်ကာ ဥပဒေစည်းမျဉ်းတို့ဖြင့် ထိန်းကွပ်တန်ထိန်းကွပ်၊ ခွင့်ပြုတန်ခွင့်ပြု၊ အားပေးတန် အားပေးရန် စီမံချမှတ်ခြင်းများဖြင့်သာ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါသတည်း။ ။

ကြေးမုံ