မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုထိ စီမံခန့်ခွဲနေသည့် ကိစ္စရပ်များအားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရန် စီမံပြီးဖြစ်

ရန်ကုန် ၂၂ မေ

 

လုံးချင်းအိမ်ရာများ၊ တိုက်ခန်းတွဲအိမ်ရာများ၊ မြေများနှင့် ဈေးများအားလုံးကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုထိစီမံခန့်ခွဲနေသည့် ကိစ္စရပ်များအားလုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရန် စီမံပြီးဖြစ်ကာ ၂၀၁၇ မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ၁၉၈၈ နောက်ပိုင်းမှာ တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာအချို့နှင့် အိမ်ရာအချို့ကို လာရောက်လွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း၊ လွှဲပြောင်းရန်ကျန်ရှိသည့် မြို့ပြမြေအချို့နှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ လုံးချင်းအိမ်ရာများ၊ တိုက်ခန်းတွဲအိမ်ရာများ၊ တိုက်ခန်းတွဲအိမ်ရာတည်ရှိရာ အစိုးရမြေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ လွှဲပြောင်းလက်ခံနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိုး/အိမ်ဦးစီးဌာနမှ ဆောင်ရွက်နေသော ဈေးများ၊ အိမ်ရာများနှင့် ဧရိယာများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရလက်အောက်သို့ ရောက်ရှိဆောင်ရွက်ခွင့် ရစေရန်အတွက် စီမံဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ” ကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဌေးက မေးမြန်းခဲ့ပြီး ဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန၏ မူလတာဝန်သည် တစ်နိုင်ငံလုံးရှိ လူနေမြို့ရွာများ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မြို့ပြစနစ် ပေါ်ထွန်းစေရန်နှင့် နိုင်ငံသားအားလုံး လူနေမှုဘဝ မြှင့်တင်စေမည့် သင့်လျော်သော အိမ်ရာများတွင်နေနိုင်ရန် အစိုးရအဖွဲ့ကိုယ်စား တာဝန်ခံဖော်ဆောင်ရန် ရည်မှန်းချက် ရှိပါကြောင်း၊ ၁၉၅၅ ခုနှစ်မှစ၍ ပြည်တော်သာအိမ်ရာ စီမံကိန်းဟူ၍ အငှားအိမ်ရာများ စတင်ဆောက်လုပ်ခဲ့ရာ မင်္ဂလာတောင်ညွန့်အိမ်ရာနှင့်တကွ လမ်းသစ်ရိပ်သာ အစရှိတဲ့ အိမ်ရာစီမံကိန်းများ နှင့်တကွ တပ်မတော်အစိုးရလက်ထက်တွင် ရန်ကုန်မြို့ ချဲ့ထွင်ခြင်းလုပ်ငန်းဖြစ်သော မြို့သစ် (၆)မြို့နယ်ကို တည်ဆောက်ခဲ့ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် အိမ်ရာဖွံ့ဖြိုးရေးသာမက ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ပါကြောင်း၊ တည်ဆောက်ရေးကာလ နောက်ပိုင်းတွင် စီမံခန့်ခွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း ဆက်လက်ဆောင်ရွက်ရန် လျှပ်စစ်၊ လမ်း၊ ရေ၊ ရေမြောင်း အစရှိသည်တို့ကို ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံများ စီမံခန့်ခွဲရေး ညွှန်ကြားချက် (၁/၉၇)နှင့် ထုတ်ပြန်သည့် အိမ်ရာစီမံခန့်ခွဲရေး ကော်မတီနှင့် အိမ်ရာသာယာရေးကော်မတီများ ဖွဲ့စည်းပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း” ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ “အိမ်ရာများစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းနိုင်ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်းမွန်စေရန်အတွက် အိမ်ရာစီမံခန့်ခွဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်း လိုက်နာစေရေးအတွက် Apartment Law ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ဥပဒေကြမ်း ပြုစုရေးအထောက်အကူပြု အဖွဲ့ဖွဲ့စည်းပြီး သုတေသနပြု လေ့လာလျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN