မြို့ပြနှင့် ကျေးလက်မကျန် သန့်ရှင်းသာယာသပ်ရပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လမ်းညွှန်

ကုန်  စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး  ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၁၁ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော ဌာနအလိုက် ဝန်ထမ်းများ၏ အင်အားတစ်ဝက်သည် (၂) ပတ်ရုံးတက်၍ ကျန်အင်အားတစ်ဝက်သည် (၂) ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်သည့်စနစ်ဖြစ်ရာ ညွှန်ကြားချက်နှင့်အညီ (၂) ပတ်အိမ်တွင်နေသည့်အချိန်၌ မိမိတို့နေထိုင်ရာ အဝန်းအဝိုင်း၊ အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာအတွင်း၌သာနေထိုင်၍ ရုံးလုပ်ငန်းဆောင်ရွက်ရန်၊ မြို့နယ်များသည် ကျေးလက်များနှင့် ဆက်စပ်နေသဖြင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန် ၊ အလုပ်သမားအများစုမှာ အခြားနယ်မြေများမှ လာရောက်နေထိုင် လုပ်ကိုင်ရပြီး အိမ်ထောင်စုစာရင်းမရှိသဖြင့် မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများထံ ဧည့်စာရင်းတိုင်ကြားရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ ယခုဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် စီမံချက်လုပ်ငန်းများ ပြီးစီးအောင် ဝန်ထမ်းများမနားမနေ လုပ်ကိုင်နေရသည်ကို တွေ့ရှိရပြီး လုပ်ငန်းများကို စာရင်းရှင်းလင်း ရာတွင် ဘဏ္ဍာရေး လုပ်ထုံလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၀-၂၀၂၁ခုနှစ် ဝန်ထမ်းခွင့်ပြု၊ လျာထား၊ လစ်လပ်မှုများ၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားမှုနှင့် ကောက်ခံမှု၊ ငွေလုံးငွေရင်း အသုံးစရိတ် သုံးစွဲမှု၊ သာမန်အသုံးစရိတ် သုံးစွဲမှု၊ ဘတ်ဂျက်လျာထားမှုများ၊ မြို့ပြလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိများမှ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည် ဖော်ပြီးစီးမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက မြို့နယ်များ သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ဆောင်မှုသည် အ‌ထူးကောင်းမွန် ကြောင်း၊ ယခုရာသီတွင် လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲပြီး လမ်းပိတ်ဆို့ခြင်း၊ နေအိမ်များပေါ် ကျရောက်ပျက်စီးခြင်းများ ဖြစ်ပေါ်သဖြင့် အပင်ကြီးများအား ခုတ်ထွင်းရှင်းလင်းရန်နှင့် အကိုင်းအခက် အရွက်အလက်များကို စွန့်ပစ်ခြင်း မပြုပဲ မြေဆွေးအဖြစ် အသုံးပြုရန်၊ မြို့များသန့်ရှင်း သပ်ရပ်စေရေးအတွက် သုဿာန်များအား ခြံစည်းရိုး ခတ်ရန်၊ မြို့နယ် (၁၂) မြို့နယ်တွင် ယခုဘဏ္ဍာရေး နှစ်ကုန်အထိ မြို့ပြလမ်းပေါင်း (၂၆၈၅)လမ်း၊ အရှည် (၅၁၉) မိုင်ကျော် ရာခိုင်နှုန်းအားဖြင့် ၈၁.၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ရာ မြို့နယ်များ၏ ဖွံ့ဖြိုးမှုအခြေအနေ အရ  မြို့ပြပုံစံသို့ ပြောင်းလဲလာပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်နှင့် မြို့ပြနယ်မြေ ဆက်စပ် လာသကဲ့သို့ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုများမှာလည်း တစ်ပုံစံတည်းဖြစ်လာသည်ကို တွေ့ရသဖြင့် မြို့ပြ နှင့် ကျေးလက်မကျန် သန့်ရှင်းသာယာသပ်ရပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

(သတင်းစဉ်)