မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင် ပြင်ဆင်မှု အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၃

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ကျင်းပသည့် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေး အန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များအနေဖြင့် ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှုစသည်တို့ ဖြစ်ပွားနိုင် သကဲ့သို့ ကြိုတင်ခန့်မှန်း သိရှိနိုင်ခြင်းမရှိသော မြေငလျင်ဘေးအန္တရာယ်လည်း ဖြစ်ပွားနိုင်ပါကြောင်း၊ ထိုသို့သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ် ပြီးနောက်တွင်လည်း ကူးစက်ရောဂါများ အပါအဝင် ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်သဖြင့် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် အဆိုပါကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်ပါကြောင်း၊ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင်လည်း ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုအစည်း အဝေးပြုလုပ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း တို့ကို ဆောင်ရွက်သကဲ့သို့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များချမှတ်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ပါ ကြောင်း။

 

လုပ်ငန်းများသည် လုပ်ရိုးလုပ်စဉ်ဆောင်ရွက်မှုများဖြစ်သော်လည်း ယခင်လုပ်ဆောင်ခဲ့မှုများမှ အတွေ့ အကြုံနှင့် သင်ခန်းစာများကိုရယူကာ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနများ၌ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သည့် သတင်းပေးပို့စနစ်နှင့် စီမံခန့်ခွဲမှုအား ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးရာသီအချိန်တွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ မတူညီသည့်အတွက် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင် ထားသင့်ပါကြောင်း။

 

လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကျန်းမာရေးဌာန တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လိုအပ်သလို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊လုပ်ငန်းဆောင်ရွက်မှုများအတွက် ထပ်မံလိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေ့စဉ်မိုးလေဝသ သတင်းထုတ်ပြန် ချက်များကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် သဘာဝဘေး အန္တရာယ်များ ထူးခြားစွာဖြစ်ပေါ်မှုသတင်းများကို စောင့်ကြပ်ကြည့်ရှုကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာဖြင့် အားထုတ်ကြိုးပမ်းကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာ သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ်များကျရောက်ပါကလည်း အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ကြစေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲက (၂၀၂၃) ခုနှစ်အတွင်းနှင့် (၂၀၂၄) ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင် ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ခဲ့မှုများ၊ အတွေ့အကြုံကောင်းများနှင့် လာမည့်မိုးရာသီကာလအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများအတွက် ဆွေးနွေးအကြံပြု ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)