မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသည့် မြေသားလမ်းအား ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးစေလို

ညောင်ဦး  ၂၅    စက်တင်ဘာ  

  

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အသုံးပြုသွားလာသည့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ပေးထားသော မြေသားလမ်းသည် ယခုအခါ မိုးရေများတိုက်စားပြီး ချိုင့်ခွက်ကြီးများဖြစ်ကာ လမ်းပျက်စီးယိုယွင်းနေကြောင်း သိရပြီး မကြာမီအချိန်တွင် ခရီးသွားရာသီ စတင်တော့မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ပုဂံမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။ 

 

ယခုအခါ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် အသိအမှတ် ပြုခြင်းခံရသည့် နေရာတစ်ဖြစ်ကာ ယခုနှစ်ခရီးသွားရာသီတွင် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ခြေများပြားနိုင်ကြောင်း ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ခရီးသွားပြည်သူများ စိတ်ဝင်တစ်စား လေ့လာနိုင်သည့် သမိုင်းဝင် တန်ခိုးကြီးဘုရားများ ၊ ပုဂံခေတ် ကျောက်စာများ၊ နံရံဆေးရေးပန်းချီများနှင့် ရင်သပ်ရှုမောဖွယ် စိတ်အပန်းဖြေနိုင်သည့် ဘုရားစေတီပုထိုးများ၏ နေဝင်ဆည်းဆာ အလှရှုခင်းများကို ကြည်နူးဖွယ်ရာ မြင်တွေ့ခံစားနိုင်သည့်နေရာတစ်ခုဖြစ်၍ နိုင်ငံတကာမှ ပြည်ပခရီးသွားဧည့်သည်များနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ဘုရားဖူးဧည့်သည်များ ရာသီမရွေး လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်တွင်း ၊ ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်များ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများအား သွားရောက်လည်ပတ် ဖူးမြော်ရာတွင် ဘုရားတစ်ဆူနှင့် တစ်ဆူ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ညောင်ဦးမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ မြေသားလမ်းများကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ ပုဂံဒေသမှာ ယခုလအတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်းမှာ မိုးရေတိုက်စားမှုကြောင့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်ပြီး လမ်းတွေ ပျက်စီးနေပါတယ်။ လမ်းတွေပျက်စီးနေတဲ့အတွက် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ သွားလာရာမှာ အခက်အခဲများ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် ဓမ္မရံကြီးဘုရားနဲ့ စူဠာမဏိဘုရား ဆက်သွယ်သည့် မြေသားလမ်းဟာလည်း မိုးရေတိုက်စားပြီး လမ်းပျက်စီးနေပါတယ်။ ယခုလာမယ့် အောက်တိုဘာလဆိုရင်   ခရီးသွားရာသီချိန် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ခရီးသွားရာသီချိန်ဆိုရင် ကျွန်တော်တို့ ပုဂံဒေသဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အများကြီး ဝင်ရောက်လာကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မိုးရေတိုက်စားမှုကြောင့် ပျက်စီး¬နေသည့် မြေသားလမ်းတွေကို ပြန်လည်ကောင်းမွန်အောင် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပုဂံမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုဆော်(ပုဂံ)က ပြောပြသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )