မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ၂ ပေခန့်ရေကျော်ကျလျက်ရှိ 

မြို့သစ် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယနေ့ နံနက်ပိုင်းတွင် ရေပိုလွှဲမှ နှစ်ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုမရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာလည်း (၆၂၅) ပေသာရှိသည့်အတွက် ရေပိုလွှဲမှရေကျော်ကျမှုမရှိပဲ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၅၀)ပေ ရှိသည့်အတွက် ရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိနေသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ရေထုတ်ပြွန်၊  ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံစိုက်ထူ၍ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ  သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)