မြို့သစ်မြို့နယ် မကြီးကန်ကျေးရွာတွင် လူတစ်ဦး ကျင်စက်ဖြင့် ငါးရှော့တိုက်ဖမ်းရာမှ ဓာတ်လိုက်သေဆုံး

မြို့သစ် ၂၀ ဇူလိုင်

မကွေးခရိုင် မြို့သစ်မြို့နယ် ညောင်ဇင်ကျေးရွာအုပ်စု၊ မကြီးကန်ကျေးရွာအနီးရှိ နတ်ကွန်းရိုးချောင်းတွင် ကျင်စက်ဖြင့်ငါးဖမ်းသည့် လူတစ်ဦး ကျင်စက်ရှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးကြောင်း မြို့သစ် မြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မကြီးကန်ကျေးရွာနေ အောင်ကိုလင်းသည် ရွာ၏အရှေ့တောင်ဘက်ရှိ နတ်ကွန်းရိုးချောင်းသို့ ငါးရှော့တိုက်ဖမ်းဆီးရန်အတွက် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီက ငါးရှော့တိုက်ဖမ်းဆီးသည့် (၁၂)ဗို့ဘက်ထရီအိုးတစ်လုံး၊ ကျင်စက်တစ်ခု၊ ခပ်ခွက်နှစ်ချောင်း၊ ပုလိုင်းတို့ကိုယူ၍ ထွက်သွားခဲ့ပြီး ည ၉ နာရီအထိ ပြန်မလာသဖြင့် သွားရောက်ရှာဖွေရာ သားဖြစ်သူအောင်ကိုလင်းအား ချောင်းအလယ်ရှိ ကျောက်ဆောင် ကျောက်ခဲများကြားတွင် ငါးဖမ်းသည့်ပစ္စည်းများနှင့်အတူ ဓာတ်လိုက်ပြီး မှောက်လျက် အနေအထား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကိုလင်း သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးပေးရန် ဒုရဲအုပ်အောင်မျိုးသန့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့သစ်မြို့မရဲစခန်းမှ အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)