မြို့သစ်မြို့နယ်မီးသတ်စခန်း ဝန်ထမ်းနေအိမ်တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေရရှိရေး တင်ပြပြီး ခွင့်ပြုပါကဆောက်လုပ်ပေးသွားမည်

မကွေး ၂  သြဂုတ်

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် မြို့သစ်မြို့နယ်မီးသတ်စခန်း ဝန်ထမ်းနေအိမ်ပါ (၄)ထပ် ဆောက်လုပ် ရန် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် မူလရေးဆွဲစဉ်က တင်ပြခဲ့သော်လည်း ဘတ်ဂျက်အခြေအနေအရ ပါဝင်ခဲ့ခြင်းမရှိ သဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေရရှိရေး တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုပါကဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသန်းဆွေက မြို့သစ်မြို့ မီးသတ်စခန်းဝန်းအတွင်း (၂)ထပ်မီးသတ်စခန်း အဆောက်အဦနှင့်ဝန်ထမ်းလိုင်းခန်းများ ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့ခြင်းအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်စခန်းတွင် အရာရှိတပ်ဖွဲ့ဝင်(၁)ဦး၊ အခြားအဆင့် တပ်ဖွဲ့ဝင်(၂၃)ဦး၊ လေးတိုင်စင်နယ်မြေ မီးသတ်စခန်းတွင် အရာရှိတပ်ဖွဲ့ဝင်(၁)ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင်(၆)ဦး၊စုစုပေါင်း(၃၁)ဦးခန့်ထားပြီး၊ ယာဉ်/စက် အင်အားမှာ မြို့သစ်မြို့နယ် မီးသတ်စခန်းတွင် မီးငြိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ (GBS)အထောက်အကူပြုယာဉ်(၁)စီးနှင့် လေးတိုင်စင်နယ်မြေ မီးသတ်စခန်းတွင် မီးသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၈)စီးကို ဖြန့်ဝေတာဝန်ချထားပြီးဖြစ်ပါကြောင်း၊ မြို့သစ်မြို့နယ် မီးသတ်စခန်းတွင် လက်ရှိမီးသတ်စခန်းအဆောက်အဦ(၁)ခု၊ သွပ်မိုး၊ အုတ်ညှပ်(၄)ခန်းတွဲ (၁)ထပ်၊ ဝန်ထမ်းနေအိမ်(၁)လုံး၊ (SteelStructure) (၃)ခန်းတွဲ(၁)ထပ် ယာယီဝန်ထမ်းနေအိမ်(၁)လုံးနှင့် လေးတိုင်စင်နယ်မြေ မီးသတ်စခန်းတွင် နယ်မြေမီးသတ်စခန်းအဆောက်အဦ(၁)ခု၊ ( Steel Structure ) (၃)ခန်းတွဲ(၁)ထပ်၊ ယာယီဝန်ထမ်းနေအိမ်(၁)လုံး ဆောက်လုပ်ပေးထားပြီးဖြစ်ပါကြောင်း၊


သို့ဖြစ်ပါ၍ မြို့သစ်မြို့နယ်မီးသတ်စခန်း ဝန်ထမ်းနေအိမ်ပါ(၄)ထပ် ဆောက်လုပ်ရန် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် မူလရေးဆွဲစဉ်က တင်ပြခဲ့သော်လည်း ဘတ်ဂျက်အခြေအနေအရ ပါဝင်ခဲ့ခြင်းမရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေရရှိရေး တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုပါကဆောက်လုပ်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

အိမွန်ဆွေ(ရေစကြို)