မြို့သစ်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးနိုင်ရေး အစည်းအဝေး ကျင်းပ

မြို့သစ်  စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သစ်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၁၀ ရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း၊  ယခုလအတွင်း စီမံကိန်းဝင် ကျေးရွာ ၁၀ ရွာကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ပြန်လည်းထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍  တက်ရောက်လာကြသော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် လိုအပ်သည်များ အကြံပြုဆွေးနွေးကြပါသည်။

မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများဖြစ်သည့် မနော့ကုန်း၊ ကျောင်းကုန်း၊ သပြေပင်၊ စည်သာ၊ ဂွေးတော၊ ငါးလုံးဖို၊ တွင်းလည်၊ ကံကြီး(န)၊ အောင်မြင်သာ၊ နွားလှ စသည့်ကျေးရွာ(၁၀)ရွာရှိ အိမ်ထောင်စု (၁၃၉၈)စုတို့ကို စီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၄၁၇ ဒသမ ၅၅ သန်းကို ယခုလအပြီး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်ထံမှ သိရသည်။

ကိုပြည့်(ကျေးလက်)