မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထိုးနှံပေး

မြို့သစ် သြဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ် ၁၇ ရက်၊ နံနက်(၉)နာရီအချိန်ကစ၍ မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း  အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
      
တမူးခရိုင်၊ မြို့သစ်မြို့အနေဖြင့် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် ဩဂုတ်လ(၁၇)ရက်နေ့တွင် ကာကွယ်ဆေးအလုံးရေ(၁၈၀)ရရှိပြီး လူဦးရေ (၃၆၀)ဦးအား ထိုးနှံနိုင်မည်ဖြစ်သည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံမှုကို မြို့သစ်မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)