မှိုသီးနှံမြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော်၊ ၁၈ ဒီဇင်ဘာ

မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနအသီးသီး မှ ညွှန်ကြားရေးမှူးများ၊ မြန်မာ GAP ရေးဆွဲရေး ကော်မတီဝင်များ၊ နယ်ပယ်အသီးသီးမှ မှိုပညာရှင်များ၊ မြန်မာနိုင်ငံမှိုမွေးမြူ စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ မှိုစိုက်တောင်သူများ၊ စိတ်ပါဝင်စားသူ အစုအဖွဲ့များက Zoom Application အသုံးပြု၍ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာမှိုသီးနှံ GAP Guideline အတည်ပြုရန်၊ ပြည်တွင်းမှိုမျိုး ထုတ်လုပ် မှုနှင့်ပတ်သက်၍ မှိုမျိုးထုတ်လုပ်မှုလိုင်စင်များ၊ ပြည်ပမှိုမျိုးတင်သွင်းမှုနှင့်ပတ်သက်၍ မှိုမျိုး တင်သွင်းခွင့်လိုင်စင်များ ပြုလုပ်ရေးတို့ကို မျိုးစေ့ဥပဒေနှင့်အညီ စည်းကြပ်ရန်၊ မှိုထွက်ကုန်များနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဆောင်ရွက်ရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးမှိုများသည် စားသုံးရာတွင် သဘာဝမှိုများနှင့်နှိုင်းယှဉ်ပါက အဆိပ်အတောက်ဖြစ် စေမှု ရာခိုင်နှုန်းနည်းပါးပြီး အချိန်တိုအတွင်း၊ နေရာကျဉ်းကျဉ်းတွင် စရိတ်သက်သာစွာဖြင့် ပုံမှန် ဝင်ငွေရရှိစေနိုင်သော တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖြစ်သောကြောင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းအပေါ် စိတ်ဝင်စားမှု တိုးတက်များပြားလာလျက်ရှိနေကြောင်း၊ မှိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးလာခြင်းနှင့်အတူ စိုက်ပျိုးမှိုစားသုံးမှု အလေ့အထများ တိုးပွားလာခြင်း၊ စားသောက်ဆိုင်များနှင့် Hotel များတွင် မှိုပါဝင်သည့် ဟင်းလျာများ စားသုံးမှု တစ်နေ့တစ်ခြား များပြားလာခြင်းတို့ကြောင့် စိုက်ပျိုးမှိုများနှင့်ပတ်သက်၍ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရေးနှင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့်ကဏ္ဍအသီးသီးတွင် ထိခိုက်မှု လျော့နည်းစေရေးအတွက်ရည်ရွယ်၍ မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း ကော်ဖီ-ရာသီ သီးနှံဌာနခွဲက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင် လျက်ရှိကြရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျင်၊ ကျောက်တန်း၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေးမြို့နယ် များတွင် မှိုစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ကြောင်း၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များ၌ မှိုမျိုးထုတ်လုပ်မှုလုပ်ငန်း အဓိကလုပ်ဆောင်နေသူ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းနိုင် ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မှိုတောင်သူ အစုအဖွဲ့ ဖွဲ့စည်းရန် ကျန်ရှိသေးသော မကွေး၊ တနင်္သာရီ ကချင်၊ ကယား၊ ချင်း၊ ရခိုင် စသော တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း မှိုတောင်သူ အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ မှိုတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မှိုကိုအခြေခံသော တန်ဖိုးမြှင့် ထုတ်ကုန်များ (Mushroom Canning , Mushroom Powder, Mushroom Snacks, Mushroom Candy, Dried Mushroom) ထုတ်လုပ်သည့် နည်းပညာများရရှိရေး၊ ပြန်လည် ဖြန့်ဖြူးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်