မကြာမီစတင်နိုင်တော့မည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်

နေပြည်တော် ၂ နိုဝင်ဘာ

 

မကြာမီစတင်နိုင်တော့မည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဥဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများကို လာမည့် ရက်သတ္တပတ်အနည်းငယ် အတွင်း စတင်ဆောင်ရွက်နိုင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘော တူညီခဲ့ကြပြီးဖြစ်သည်။

 

ပြန်လည်ဝင်ရောက်လာမည့်သူများ အဆင်ပြေစေရေးအတွက် ပတ်ဝန်းကျင်ဖန်တီးထားရှိမှုများ၊ လုံခြုံရေးအစီအမံများ၊ ယုံကြည်မှု တည်ဆောက်ရေးအပါအဝင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၊ ပြန်လည်နေရာချထားရေးအစီအမံများ၊ ပြန်လည်ဝင်ရောက်မည့်သူ များကို စိစစ်ရေးလုပ်ငန်းစဉ်များ၊NV ကတ်နှင့် သက်ဆိုင်သည့် အချက်အလက်မှန်များကို ပြန်လည်ဝင်ရောက်လာသူများ သိရှိနိုင်ရန် သတင်းဖြန့်ချိပေးရေးလုပ်ငန်းများ၊ ပြန်လည်လက်ခံရေး၊ နေရာချထား ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ရေးများ စသည်တို့ကို မြန်မာနိုင်ငံကဆောင်ရွက်လျက်ရှိသလို တစ်ဖက် နိုင်ငံသို့လည်း အမြင်ချင်းဖလှယ်အသိပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ စိစစ်လက်ခံသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

 

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်သွားကြသူများတွင် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု၊ သွေးဆောင်စည်းရုံးမှုနှင့် အကြောက်တရားတို့ကြောင့် ထွက်ခွာသွားကြ သူများအပြင် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သော အကြမ်းဖက် သမားများလည်း ပါရှိနေခဲ့ပြီး အချို့မှာ တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းများ တွင် နေထိုင်လျက်ရှိကြရာ ၎င်းတို့အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တောင်းဆိုထားပြီးဖြစ်သည်ဟု သိရသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နေမှုများမှာ နှစ်ဖက်အပြန်အလှန် နားလည်မှု၊ အပြုသဘောဆောင်ကာ ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ နှစ်နိုင်ငံ သဘောတူညီချက်များကို လေးစားလိုက်နာမှုများဖြင့် ဆောင်ရွက်သည်နှင့်အမျှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်သည်။

 

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးတို့မှာ လုပ်ငန်းပမာဏကြီးမားသကဲ့သို့ အချိန်ကာလအားဖြင့်လည်း အတိုင်းအတာတစ်ရပ်အထိ အချိန်ယူဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ် သည်။ နိုင်ငံတော်အတွက် အရေးကြီးသည့်အလျောက် နိုင်ငံ့အကြီးအကဲ များက ဦးဆောင်ကာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေခြင်း လည်း ဖြစ်သည်။ ရှေ့တွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူ ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် အချိတ်အဆက်မိမိဖြင့် ပူးပေါင်း အကောင်အထည်ဖော်ရင်း သတိတမံ၊ ဉာဏ်မြေကတုတ် ပြုကာ လုံခြုံရေး မကျိုးမပေါက်စေရေးအတွက်လည်း စနစ်တကျ စေ့စေ့စပ်စပ် ဆောင်ရွက်ကြရမည်ဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။ ။

 

မြန်မာ့အလင်း