မက်ဆီကြောင့်သာ ဂွါဒီယိုလာ  ချန်ပီယံလိဂ်ဖလား ရရှိခဲ့ခြင်းဖြစ်

၁၃  အောက်တိုဘာ

လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား နှစ်လုံးဆွတ်ခူး နိုင်ခဲ့ခြင်းက  ဂွါဒီယိုလာကြောင့် မဟုတ်ဘဲ  မက်ဆီရဲ့ ခြေစွမ်းအကောင်းဆုံး ခြေစွမ်းကြောင့်သာ  ရရှိခဲ့တာ ဖြစ်တယ်လို့ ဘိုင်ယန်နည်းပြဟောင်း ဖီးလစ်မက်ဂတ်သ်က သုံးသပ်ပါတယ်။

 

ဂွါဒီယိုလာဟာ  ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး လေးရာသီအတွင်း ချန်ပီယံလိဂ်ဖလား နှစ်လုံးအပါအဝင် ဖလား ၁၄ လုံး ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အဲဒီနောက် ဂွါဒီယိုလာ ရရှိရေးဥရောပထိပ်တန်းကလပ်တွေ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး  ဘိုင်ယန်နဲ့ မန်စီးတီးအသင်းတို့ကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ဟာ ထိပ်တန်းကလပ်အသင်းတွေဖြစ်ကြပြီး ကစားသမားခေါ်ယူမှုအတွက်  ငွေကြေးသုံးစွဲမှုလည်း မြင့်မားတဲ့ အသင်းတွေဖြစ်ပါတယ်။ ဒါပေမယ့်  ဒီနှစ်သင်းစလုံးမှာ ဂွါဒီယိုလာအနေနဲ့  ပြည်တွင်းဖလား အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်  ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်ကနေ မကျော်နိုင်ဘဲ  ဥရောပအောင်မြင်မှုတွေနဲ့ ဝေးကွာနေပါတယ်။

 

ဒါကြောင့် မက်ဂတ်သ်က ဂွါဒီယိုလာရဲ့ အောင်မြင်မှုတွေ အပေါ် မေးခွန်းထုတ်ခဲ့ပြီး “မက်ဆီတစ်ဦးတည်း စွမ်းဆောင်ရည်က  ဒီလို အောင်မြင်မှုတေွ ရရှိလာဖို့  ရေသောက်မြစ်ပါ။ အခြားနေရာတွေ သူသွားခဲ့တာပဲလေ ဒီလို အောင်မြင်မှု ရမှမရခဲ့တာ။ မက်ဆီကသာ  ဖလားတွေ ရခဲ့တာ၊ ဂွါဒီယိုလာ  ရခဲ့တာ မဟုတ်ဘူး” လို့ ဝေဖန်ခဲ့တာပါ။ မက်ဂတ်သ်ရဲ့ အမြင်မှာ ဂွါဒီယိုလာရဲ့ တီတီကာကာ ကစားဟန်ဟာ စွမ်းဆောင်ရည်ပြည့်တဲ့ ကစားသမားမရှိရင် အလုပ်မဖြစ်ဘဲ ဘောလုံးကို ကိုင်ပြီး ကစားနေခြင်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းကြောင်း ဆိုပါတယ်။

မေလဲ့သင်း