မက်ဒရစ်ဒါဘီမှာ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်၌ ရီးယဲလ်မက်ဒရစ် ဆက်လက်ဦးဆောင်

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ စပိန်လာလီဂါ ပွဲစဉ် ၁၇ အဖြစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ မြို့ခံ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေး ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင် ခွင့်ရရှိခဲ့ပါတယ်။

နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိ

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်း က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၁၆ မိနစ်မှာ ဘင်ဇီမာနဲ့ ဒုတိယ ပိုင်းပွဲကစားချိန် ၅၇ မိနစ်မှာ အဆန်စီယိုတို့က သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ လက်ရှိဘောလုံးရာသီမှာ စပိန်လာလီဂါသွင်းဂိုး ၁၃ ဂိုးအထိရှိလာခဲ့ပြီး လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် အသင်းရရှိခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးစလုံးဟာ လူငယ်ကစားသမား ဗီနီစီးယပ်နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုရှိနေပြီး တိုက်စစ်မှူး ဘင်ဇီမာကတော့ ၂၀၂၁ ခုနှစ် အတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၃၆ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တာ ကြောင့် နည်းပြ အန်စလော့တီလက်ထက် ၂၃ ပွဲမှာ နှစ်ပွဲသာ ရှုံးပွဲကြုံခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး နည်းပြ အန်စလော့တီဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက နည်းပြဇီဒန်းရဲ့ နေရာမှာ အစားထိုးနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ လက်ရှိစပိန်လာလီဂါ ချန်ပီယံအသင်းဖြစ်ကာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ် ၁၃ မှတ်အထိ ကွာဟနေပြီး ရီးယဲလ် မက်ဒရစ်အသင်းက ရမှတ် ၄၂ မှတ်၊ အက်သလက်တီကိုမက်ဒရစ်အသင်းက ရမှတ် ၂၉ မှတ် အသီးသီးရရှိထားတာ ဖြစ်ပါတယ်။

နည်းပြအန်စလော့တီရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက ဆီဗီလာ အသင်းကို ရှစ်မှတ် ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ခွင့်ရရှိခဲ့ပြီး နည်းပြဆီမြူနီရဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက် တီကိုမက်ဒရစ်အသင်းတို့ ပွဲစဉ်နဲ့အတူ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်တွေထဲမှာ ဗီလာရီးယဲလ်အသင်းက ဗယ်လက်ကာနို အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ရီးယဲလ်ဘတ်တစ်အသင်းက ဆိုစီဒက်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး အိုဆာဆူနာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်