မက်ဒရစ်မှာ ဗိုင်းရပ်စ် ကူးစက်မှု လျှော့နည်းသွားရန် နည်းမျိုးစုံ သုံးသွားမယ်လို့ စပိန်အစိုးရ ပြော

၂၉ စက်တင်ဘာ

 

 

စပိန်နိုင်ငံ မြို့တော် မက်ဒရစ်နဲ့ ပတ်ဝန်းကျင် ဒေသဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ် ပျံ့နှံ့မှုရဲ့ ဗဟိုချက် ဖြစ်လာနေပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က မက်ဒရစ်ဒေသ အာဏာပိုင်တွေက လူတစ်သန်းလောက်ကို အသွားအလာ ကန့်သတ်မှု (Semi-lockdown) စတင်လုပ်ဆောင်ပေမယ့် ဗဟိုအစိုးရရဲ့ လိုလားချက်ကို ပြည့်မှီအောင် ဆောင်ရွက်ခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

မက်ဒရစ်ဒေသဆိုင်ရာ အစိုးရအဖွဲ့က ဗိုင်းရပ်စ်ပိုး ကာကွယ်စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် မလုပ်ရင် ဗဟိုအစိုးရက လိုအပ်တဲ့ နည်းမျိုးစုံကို လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း တရားရေးရာဝန်ကြီးက စပိန် RNE ရေဒီယိုမှတဆင့် သတိပေး ပြောကြားသွားပါတယ်။

 

 

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ပမာဏဟာ လူတစ်သိန်းလျှင် ၃၀၀ နီးပါး ရှိနေတာကို တွေ့ရပြီး မက်ဒရစ် ဒေသမှာတော့ လက်ရှိ အခြေအနေမှာ လူတစ်သိန်းမှာ ပိုးတွေ့သူ ၇၇၅ ဦး နီးပါး ရှိနေပါတယ်။

 

 

စပိန်နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေကို ဇွန် ၂၃ ရက်နေ့က အဆုံးသတ်ပြီး နောက်ပိုင်း ကျန်းမာရေးဆိုင်ရာနဲ့ ကပ်ရောဂါပိုးကို ကိုင်တွယ် ဖြေရှင်းရန် စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၁၇ ခုရဲ့ တာဝန်ရှိသူတွေအား လုပ်ပိုင်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က မက်ဒရစ် ဝန်းကျင်မှာ  အသွားအလာ ကန့်သတ်မှု (Semi-lockdown) ပြဋ္ဌာန်း လိုက်တဲ့အတွက် အဲဒီဒေသမှာ နေထိုင်သူတွေဟာ အိမ်နီးချင်း ဒေသတွေဆီကို အလုပ်၊ ကျောင်းနဲ့ ကျန်းမာရေးဆိုင်မှလွဲပြီး အိမ်အပြင်ထွက်ခွင့်ကို တားဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီဒေသတွင်းမှာတော့ လူတိုင်း လွတ်လပ်စွာ သွားလာခွင့် ရှိခဲ့ပါတယ်။ အဲဒီအမိန့်ကြောင့် လူပေါင်း ၈၅၀,၀၀၀ ဦးပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။

 

 

မနေ့ကစပြီး နောက်ထပ် မက်ဒရစ် ဒေသခံ လူပေါင်း ၁၆၇,၀၀၀ ဦးဟာ အဲဒီ စည်းမျဉ်းအောက်ကို အကျုံးဝင်သွားကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့တွေက စည်းမျဉ်း လိုက်နာမှု ရှိမရှိကို လျှပ်တပြက် စစ်ဆေးတာမျိုး လုပ်ဆောင်နေပါတယ်။

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၇၄၈,၂၆၆ ဦးထဲမှ သေဆုံးသူ ၃၁,၄၁၁ ဦးရှိကြောင်း စက်တင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား- AFP