မကွေးမြို့၌ ဧရာဝတီမြစ်ထဲသို့ ကားတစ်စီးနောက်ပြန်လိမ့်ကျ

မကွေး  ၁  သြဂုတ်

 

မကွေးမြို့ မြသလွန်ဘုရားအဆင်း ဈေးဆိုင်ခန်းများဘေးတွင် ဧရာဝတီမြစ်ဘက်ကို ကားနောက်ပြန်ထိုး၍ ရပ်ခဲ့သည့် ကားတစ်စီးမှာ ယနေ့ နံနက် ၄ နာရီခွဲခန့်က မြစ်ထဲသို့ထိုးကျသွားခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

“ကားနဲ့ပတ်သက်တဲ့သူတွေ ပြောတာက မနက် ၄ နာရီလောက်မှာ ဘုရားကို ယာဉ်သွားပြတယ်၊ ဘုရားကို ဦးတိုက်ပြီး ပြန်လာတယ်၊ အခုကားထိုးကျတဲ့နေရာမှာ အပေါ့အပါးဆင်းသွားတယ် ပြောတယ်၊ Hand Break ဆွဲမထားတော့ ကုန်းစောင်းလေးကနေ နောက်ကိုလိမ့်ပြီးတော့ တာရိုးဘောင်ကနေ ကျသွားတာ၊ ရေငုပ်သမားနဲ့ငုပ်ပြီး ကားကို ကြိုးဆင်းချည်တယ်၊ ကရိန်းနဲ့ဆွဲတင်တာ မနက် ၇ နာရီခွဲမှာ ကမ်းပေါ်ရောက်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ရှင်းပြသည်။

 

တာရိုးမှ ကမ်းစပ်ထိ အမြင့် ၁၅ ပေ ၊ ရေစပ်မှ မြစ်အနက် ၁၀ ပေထိကျသွားသည့်အတွက် သာမန်ကရိန်းများဖြင့် မ၍မရဘဲ  တန် ၄၀ ထိမနိုင်သည့် Heavy Lifting and Rescue Vehicle ယာဉ်ပါကရိန်းဖြင့် ဆွဲတင်ခဲ့ရပြီး လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးယာဉ်၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ လေသွင်းရေယာဉ်တစ်စီးတို့ဖြင့် ဆယ်ယူပေးခဲ့ကြောင်း ၄င်းက ဆိုသည်။

 

ယာဉ်မောင်း ကိုကျော်သူမြင့်နှင့် အတူလိုက်ပါလာသူ ကိုသီဟတို့မှာ ကားရပ်ပြီးအပေါ့သွားစဉ် ကားမှာမြစ်ထဲကျ ခဲ့ခြင်းဖြစ်သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိဘဲ ၄င်းတို့ကိုယ်တိုင် မီးသတ်တပ်ဖွဲ့သို့ မနက် ၅ နာရီ ၄၃ မိနစ်တွင် သတင်းပို့၍ အကူအညီတောင်းခံခဲ့ကြောင်း၊ မကွေးမြို့မရဲစခန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဇေယျတု(မကွေး)