မကွေးမြို့၌ ကိုးရီးယားစကားသင်တန်း(အခမဲ့)ဖွင့်မည်

မကွေး ၇ မတ်

မကွေးမြို့မှ ကျောင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အကျိုးရှိစေရန် ကိုရီးယား စကားပြော(အခြေခံ)သင်တန်းကို အောင်စေတနာရပ်ကွက်၊ သုခိတာလမ်းပေါ်ရှိ ရတနာသိဒ္ဓိစာသင်တိုက်၊ မေတ္တာစမ်းရေ ဓမ္မစကူးလ်တွင် ကုသိုလ်ဖြစ် အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း စီစဉ်သူ ဒေါ်ညိုဝင်းဖြူ ထံမှ သိရသည်။

သင်တန်းကာလမှာ မတ် (၁၅)ရက်မှ ဧပြီ (၅)ရက်အထိ (နေ့စဉ် နေ့လယ် ၂နာရီ မှ ၄နာရီထိ) ၂၁ ရက်ကြာ သင်ကြားမည်ဖြစ်ပြီး လွယ်ကူရိုးရှင်းသော ကိုရီးယားအခြေခံ ဝေါဟာရသဒ္ဒါများ၊ စကားလုံးများအပြင် မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ကိုရီးယားသီချင်း၊ ကဗျာ၊ ပုံပြင်၊ သမိုင်းနှင့် ယဉ်ကျေးမှုများကို ကိုရီးယားလူမျိုးဆရာ နှင့် UFL ဘွဲ့ရ ဆရာ၊ ဆရာမများ က သင်ကြားပေး သွားမည်ဖြစ်သည်။

“ကျွန်မ တတ်ကျွမ်းတဲ့ပညာကို မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလို ကုသိုလ်ဖြစ်သင်တန်းလေးဖွင့်ဖို့ စီစဉ်ဖြစ်တာပါ။ အခုသင်တန်းနဲ့ဆိုရင် ပရဟိတ သင်ပေးဖြစ်တဲ့ အရေအတွက်က ငါးကြိမ်ရှိပါပြီ” ဟု စီစဉ်သူ ဆရာမ ဒေါ်ညိုဝင်းဖြူ က ပြောသည်။

သင်တန်းတက်လိုသူများအနေဖြင့် မတ် ၁၃ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး ဖုန်းနံပတ် ဝ၉၇၉၇၂၁၇၁၃၁၊ ဝ၉၉၇၂၅၉၃၀၈၇၊ ဝ၉၉၈၂၈၁၃၀၉၇၊ ဝ၉၇၅၀၁၉၀၃၃၂ တို့ထံ ဆက်သွယ်နိုင်ကြောင်း၊ သင်ကြားမည့်ဆရာဆရာမများမှာ  Mr.Kim Jae Won- Korean, Daw Nyo Win Phyu (BA Japanese, Korea Topik), Daw Shwecin Moe Myint (BA Korean) တို့ဖြစ်ပြီး ရွှေမြန်မာကိုရီးယား သင်တန်းကျောင်းမှ EPS နှင့် Topik 2 အောင်မြင်ပြီးသူများကပါ အင်အားဖြည့် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဇေယျတု(မကွေး)