မကွေးမြို့နယ် ခိုင်းကျေးရွာ၌ ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

မကွေး ၉ မေ 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ခိုင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

"ခိုင်းကျေးရွာသည် ယခင်က ရွာတွင်းလမ်းများမှာ မိုးရာသီရောက်တိုင်း ရွှံ့စေးများကြောင့် သွားလာရေးခက်ခဲခဲ့ကြောင်း၊ ယခုအခါ  မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို   ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၂ ဒသမ ၈ သိန်း၊  စုစုပေါင်းကုန်ကျငွေ ကျပ် ၁၁၂ ဒသမ ၈ သိန်းဖြင့် အရှည်ပေ ၅၆၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု  မြေနီကျောက်စရစ် ခင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၈၃၊ လူဦးရေ (၇၁၇) ဦးတို့အတွက် သွားလာရေး အဆင်ပြေနိုင်မှာဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။

 

မကွေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ခိုင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၆ ရွာ၌ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ခုနစ်ခု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ခုနစ်ခု၊ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း တစ်ခု၊ စုစုပေါင်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း ၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)