မကွေးမြို့နယ်အတွင်း ကျေးရွာလေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး Geophysical Survey တိုင်းတာမှုများပြုလုပ်

မကွေး အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်နီကျေးရွာ၊ ထန်းပင်စမ်းကျေးရွာ၊ လက်ဆည်ကန်ကျေးရွာနှင့် ခင်ပြန့်ကြီးကျေးရွာတို့၌ ကျေးလက်ရေရရှိရေး လုပ်ငန်းဖြစ်သည့် စက်ရေတွင်းတူးဖော်နိုင်ရန်အတွက် မြေအောက်ရေအောင်းလွှာတည်ရှိ နိုင်မည့်နေရာအား သိရှိနိုင်ရေး ယနေ့နံနက် ၉ နာရီက Geophysical Survey တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ GP Survey တိုင်းတာမှုများပြုလုပ်ရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးထွန်းထွန်းနှင့် ဝန်ထမ်းများ၊ မြေအောက်ရေတိုင်းတာရေးတာဝန်ခံ ဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာ တည်ရှိ နိုင်မည့်နေရာများအား သိရှိနိုင်ရေး လက်တွေ့ကွင်းဆင်းကာ Geophysical Survey တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Geophysical Survey တိုင်းတာခြင်းဆိုသည်မှာ   မြေလွှာများအတွင်းသို့ လျှပ်စစ်ဖြတ်သန်းစီးဆင်းစေပြီး မြေလွှာ တစ်ခုချင်းအလိုက် လျှပ်စစ်ခုခံမှုတန်ဖိုး(အုမ်းမီတာ)ကို တိုင်းတာတွက်ချက်ခြင်းဖြင့် မြေအောက်ရေအောင်းလွှာ၏ အနေအထားကို ဖော်ထုတ်လေ့လာခြင်းဖြစ်ကြောင်း၊ Geophysical Survey တိုင်းတာခြင်းကြောင့် ကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို အလွယ်တကူခန့်မှန်းသိရှိစေနိုင်ပြီး စက်ရေတွင်းတူးဖော်ပေးရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အသွေးကောင်းမွန်မှုမရှိခြင်းစသည့် အခက်အခဲများလျော့နည်းစေနိုင်ကြောင်း၊ ဘဏ္ဍာငွေလေလွင့်ဆုံးမှုနည်းပါးစေကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍ သိရသည်။

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂၀)ရွာ၌ ခွင့်ပြုရန်ပုံငွေကျပ် ၃၀၈ ဒသမ ၇၁ သန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၀ ခုကို အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သန်းလွင်(မကွေး)