မကွေးနှင့် စစ်ကိုင်းအသင်း ပထမအကျော့နောက်ဆုံးပွဲတွင် အနိုင်ရ

ရန်ကုန်  ၁၂  မေ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မကွေးနှင့် စစ်ကိုင်းအသင်း နိုင်ပွဲရခဲ့သည်။ ပထမအကျော့ပြီးဆုံးသွားပြီဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက ရာသီဝက်ချန်ပီယံအဖြစ်  ရပ်တည်နိုင်ခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက ဇွဲကပင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်အန္တရာယ်မှ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် (၈) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ ဇွဲကပင်အသင်းမှာမူ ယခုပွဲအရှုံးရလဒ်ကြောင့် ဖိအားများသွားပြီး တန်းဆင်းဇုန်မှ အသင်းနှင့် နှစ်မှတ်အကွာသို့ ရောက်ရှိသွားသည်။

 

မကွေးအသင်းသည် အဓိကနောက်ခံလူများဖြစ်သည့် ဝင်းမိုးကျော်နှင့် ကျော်စွာလင်းတို့ ပွဲပယ်ခံထားရသော်လည်း ဝါရင့်ကစားသမား စိုးမြတ်သူက ဦးဆောင်ခဲ့ပြီး တိုက်စစ်တွင် ပြည်မိုး၊ အောင်မြင့်ထွန်း၊ စိုးလွင်လွင်အတွဲက အလုပ်ဖြစ်ခဲ့သည်။ ဇွဲကပင်အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံပါဝင်ခဲ့သော်လည်း နိုင်ငံခြားသားများ ပုံမှန်ခြေမရ၍ ရုန်းကန်ခဲ့ရသည်။ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် Chinland အသင်း အနိုင်ရခဲ့၍ မကွေးအသင်းသည် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်၍ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၂၂ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့ကာ စိုးလွင်လွင် ကန်သွင်းသော်လည်း ဇွဲကပင်ဂိုးသမား နိုင်ဇေယျာထွန်း ကာကွယ်နိုင်ခဲ့သည်။ စိုးလွင်လွင်သည် ပယ်နယ်တီဝင်အောင် မသွင်းနိုင်သော်လည်း ၃၃ မိနစ်တွင် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် ဇွဲကပင်အသင်း တိုက်စစ်မြင့်လာပြီး ၄၁ မိနစ်တွင် စစ်မုန်းက ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးတိုက်စစ်မြင့်လာပြီး ၅၇ မိနစ်တွင် စိုးလွင်လွင်က မကွေးအတွက် ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွဲကပင်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းလာသော်လည်း ညာနောက်ခံလူ အောင်ဝဏ္ဏစိုးမှာ မလိုလားဘဲ ကြမ်းတမ်းစွာကစားခဲ့သောကြောင့် ၇၄ မိနစ်တွင် နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရရာ တစ်ယောက်လျော့သွားပြီး ချေပဂိုးရယူနိုင်မည့် မျှော်လင့်ချက်အဆုံးသတ်ခဲ့ရသည်။

 

ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် နှစ်ပွဲဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုအိမ်ကွင်းရှုံးပွဲကြောင့် ရာသီဝက်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည်။ ယခုရာသီတွင် ရလဒ်ကောင်းများရနေသည့် စစ်ကိုင်းအသင်းသည် အဖိုးတန်အနိုင်သုံးမှတ်ရခဲ့ခြင်းဖြစ်ပြီး ၇၆ မိနစ်တွင် ဒိုနယ်က အနိုင်ဂိုးသွင်းယူခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းနှင့် ဟံသာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ၄၂ မိနစ်တွင် ပိုဒါက ဟံသာဝတီအတွက် ဂိုးစသွင်းသော်လည်း ၇၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရှိုင်းသူရက Southern အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ 

 

ပထမအကျော့ပြီးဆုံးသွားပြီဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ၂၁ မှတ်စီတူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်အသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယင်းအသင်းများနောက်တွင် ရန်ကုန်နှင့် ရတနာပုံအသင်းက ၂၀ မှတ်စီ၊ စစ်ကိုင်းအသင်းက ၁၉ မှတ်၊ ဧရာဝတီအသင်းက ၁၈ မှတ်၊ ရခိုင်အသင်းက ၁၆ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၁၀ မှတ်စီ၊ Southern အသင်းက ကိုးမှတ်၊ Chinland အသင်းက ရှစ်မှတ်၊ ဒဂုံအသင်းက ခြောက်မှတ် ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်    

 

1.J