မကွေးနှင့် ရတနာပုံအသင်း တစ်မှတ်စီခွဲယူ

၁၃ ဇူလိုင်

                  
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ပထမနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ မကွေးနှင့် ရတနာပုံအသင်း သရေကျပြီး ဧရာဝတီနှင့် ရခိုင်အသင်း နိုင်ပွဲဆက်ခဲ့သည်။


သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းနှင့် ရတနာပုံအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ တန်းဆင်းဇုန်မှလွတ်ရန် အမှတ်လိုနေသည့် မကွေးအသင်းသည် အမှတ်ရရန် ရုန်းကန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးပြန်ပေးလိုက်ရသောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ နာမည်ကြီး ရတနာပုံ အသင်းမှာလည်း နိုင်ပွဲပြန်ရှာတွေ့ခြင်းမရှိသေးဘဲ ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။ 
                     

နှစ်သင်းစလုံး ပွဲပယ်နှင့် ဒဏ်ရာရကစားသမားအချို့မှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး ခြေစွမ်းအရ ကွာခြားမှုမရှိသောကြောင့် ပွဲစကတည်းက အပြန်အလှန်ရှိခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းနှစ်သင်း၏ တွေ့ဆုံမှုဖြစ်ပြီး မကွေးအသင်းက ပထမပိုင်းတွင် ပိုဖိကစားကာ ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ၃၅ မိနစ်တွင် မကွေးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဇင်မင်းထွန်းက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဇင်မင်းထွန်းသည် မကွေးအသင်းအတွက် နှစ်ပွဲဆက်တိုက် အရေးပါသည့်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး အခွင့်အရေးများလည်း ပြန်လည်ရရှိခဲ့သည်။ ၇၇ မိနစ်တွင် ရတနာပုံအသင်း ချေပဂိုးပြန်ရခဲ့ပြီး ဝင်းနိုင်ထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ချေပဂိုးမရမီ ပယ်နယ်တီကန်ခွင့်ရသော်လည်း ဝင်းနိုင်စိုး၏ ကန်သွင်းမှု ဂိုးမဝင်ခဲ့၍ နစ်နာခဲ့ရသည်။
                    

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဒဂုံအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ပွဲအစ ၂ မိနစ်တွင် နန္ဒလင်းကျော်ချစ် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရန် အမှတ်လိုနေသည့် ဒဂုံအသင်းသည် အဝေးကွင်း၌ ရုန်းကန်ခဲ့သော်လည်း နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် အဝေးကွင်း၌ နိုင်ပွဲဆက်ခဲ့ပြီး ၅၄ မိနစ်တွင် ဆင်မြူရယ်သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။  

                   
 ပွဲစဉ် (၁၆) ဒုတိယနေ့ကို ဇူလိုင် ၁၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် စစ်ကိုင်းအသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်