မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီး(၂)ဦးအတွက် အမည်စာရင်းတင်သွင်း

မကွေး ၁၄ ဖေဖော်ဝါရီ 

 

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃/၂၀၁၈ အရ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး (၂)ဦးအား ယင်းတို့၏ သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နေ့တွင် ကျင်းပသော ဒုတိယအကြိမ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၈) ပထမနေ့၌ အစိုးရအဖွဲ့ တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးနေရာများအတွက် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

 

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုသည့် အမည်စာရင်းတင်သွင်းခံရသူများမှာ မကွေးမြို့မှ အသက် (၆၉)နှစ်အရွယ်ရှိ  ဦးအေးငွေ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) နှင့် အသက် (၆၇) နှစ် အရွယ်ရှိ ဦးအောင် ကျော်မိုး၊ တွဲဘက်ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်သည်။

 

 

 “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒါကဝန်ကြီးချူပ်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့ ရွေးချယ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းလာတဲ့ အပေါ်မှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့အညီ အဆုံးဖြတ်ရယူမယ့် သဘောပါပဲ။ ဒီဝန်ကြီးတွေရဲ့ အရည်အချင်းတွေနဲ့ပတ်သက်ရင် ဝန်ကြီးချုပ်ကပဲ တာဝန်ခံရမှာ ဖြစ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဇော်မျိုးဝင်း က ဆိုသည်။

 

 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)ပါ အမည်စာရင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသည့်လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူ ဦးအေးငွေ နှင့် ဦးအောင်ကျော်မိုးတို့ကို တိုင်းဒေသကြီး(သို့)ပြည်နယ်အစိုးရ ဥပဒေပုဒ်မ (၈)နှင့် အညီ တာဝန်ပေးအပ်လိုကြောင်း နှင့် ယင်းတို့နှစ်ဦးကို တိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်ထားခွင့်ရရှိရေး လွှတ်တော်၏ သဘော တူညီချက် ရယူပေးပါရန် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

 

 

အမည်စာရင်း တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခဲ့ပြီး လွှတ်တော်ဒုတိယနေ့အစည်းအဝေးအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။


ဇေယျတု(မကွေး)