မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

မကွေး ၁၇ ဇွန်

 

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားသည်။

 

အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းသည် အထိနာခဲ့သဖြင့် ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဟိုတယ်လုပ်ငန်းလိုင်စင် ခွင့်ပြုမိန့်များကို စည်းကမ်းနဲ့အညီသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးတင်ပြကြသည်။

 

တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးတွင် သက်တမ်းတိုးလျှောက်ထားသည့် ဟိုတယ်လေးလုံး၊ လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားသည့် ဟိုတယ်သုံးလုံးအား ခွင့်ပြုနိုင်ရေး အတည်ပြုဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဧည့်လမ်းညွှန် (National Guide - NG) လိုင်စင်အသစ် တစ်ဦးနှင့် သက်တမ်းတိုး ငါးဦးကိုလည်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ခရိုင်/မြို့နယ် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization – DMO) ဖွဲ့စည်းရန်၊ တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားမှတ်တမ်း ရိုက်ကူးရန်နှင့် ခရီးသွားလုပ်ငန်း(အခြေခံ)နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာအောင်မိုးညိုက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

နိုင်သွေး(ပြန်/ဆက်)