မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့ရှိ ကျေးရွာများမှ အခြေခံပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

မကွေး ၂၆ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက့်ပံရေးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကမ္ဘောဇဘဏ်(အထက်မြန်မာပြည်) တာဝန်ခံ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ဇွန် ၂၅ ရက်၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ် ရုံးဆိပ်ကြီးကျေးရွာတွင် ကျင်းပသည့် ရေနံချောင်းနှင့် ချောက်မြို့နယ် ကျေးရွာများရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ စားနပ်ရိက္ခာထုပ်များ ပြည်သူ့လက်ဝယ် ပေးအပ်လှူကြကြောင်း သိရသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက ဦးစိုးညွန့်လွင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်(အထက်မြန်မာပြည်) တာဝန်ခံအုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် အရာထမ်း၊ ဝန်ထမ်းများအဖွဲ့က ရေနံချောင်းမြို့ နယ်ရုံးဆိပ်ကျေးရွာအတွက် ရန်ပုံငွေ ကျပ်(၁၀)သိန်းနှင့် ရွှေရောင်လက်များပရဟိတ အဖွဲ့သို့အလှူငွေ ကျပ်(၁၀)သိန်းတို့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ရုံးဆိပ်ကျေးရွာ ဆရာတော်ဦးဝေပုလ္လတို့ထံသို့ လည်းကောင်း၊  ယင်းနောက် ရေနံချောင်းမြို့နယ် ရုံးဆိပ်ကျေးရွာ၊ ကြီးမြင်(တောင်) ကျေးရွာ၊ ကြီးမြင်(မြောက်) ကျေးရွာ၊ စိန်ပန်းပင်ရွာများရှိ အခြေခံပြည်သူ (၃၀ဝ)အား စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ်(၁၀ဝ၀ဝ)စီဖြင့် ငွေကျပ်သိန်း (၃၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါဒေသရှိ တောင်သူလယ်သမားဦးကြီးများ၏ ခိုင်းနွားများအတွက် လိုအပ်လျက်ရှိသည့် အစာများဝယ်ယူပို့ဆောင်ရန်အတွက် ရေနံချောင်းမြို့နယ်ရှိ ရုံးဆိပ်ကျေးရွာတွင် ငွေကျပ်သိန်း (၁၀ဝ)၊ ပဲ၊ နှမ်းဖတ်၊ ဖွဲနုများဝယ်ယူရန်အတွက် ငွေကျပ် (၇၅၁၀ဝ၀ဝ)၊ ကောင်းမွန်ကုမ္ပဏီက ကာလတန်ဖိုး ခန့်မှန်းခြေငွေကျပ်သိန်း (၅၀) တန်ဖိုးရှိ နေဗီယာမြက်ဧက (၂၀)တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။

 

အဆိုပါ တောင်သူကြီးများ မွေးမြူထားသည့် ခိုင်းနွားအစာများ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ်နှင့် ချောက်မြို့နယ် ကျေးရွာများသည် ရာသီဥတုပြောင်းလဲဖြစ်စဉ်ကြောင့် မိုးခေါင်နေသည့်အတွက် တောင်သူလယ်သမား ဦးကြီးများ၏ ခိုင်းနွားများ အစာရေစာ လိုအပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသဖြင့် ကော်မတီက အခုလိုသွားရောက်ကူညီ၍ ထောက်ပံ့လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း (၁၅၀ဝ၀) လှူဒါန်းထားရှိသည့် ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံတွင် ကူးစက်မြန်ရောဂါ မဖြစ်ပွားမီကာလ ဖေဖော်ဝါရီ ၂၆  ရက်မှစတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ်သိန်းပေါင်း (၅,၈၂၉၇) လှူဒါန်းထားရှိပြီးဖြစ်သည့်အပြင် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ ဒေသများသာမက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လိုအပ်သည့်နေရာများသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြန်တော်ပြန်များအား စောင့်ကြည့်ရေးစခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို နေရာအရောက် စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)