မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍအခြေခံအဆောက်အအုံများ ဖြည့်ဆည်းဆောင်ရွက်နေ

မကွေး  ၂၀ ဇူလိုင် 

 

၂၀၁၇-၂၀၁၈ခုနှစ် ပညာသင်နှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ ပညာရေးအခြေခံအဆောက်အအုံများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။

 

ပြည်ထောင်စုဘတ်ဂျက်ဖြင့် ပညာရေးရုံး(၁၂)ရုံးအတွက် ကျပ်(၇၉ ဒသမ ၃၄၅၀)သန်း၊ အထက်တန်းကျောင်း (၈၉)ကျောင်းအတွက် ကျပ် (၁၀ဝ၆ ဒသမ ၁၈၆၅) သန်း၊ အလယ်တန်းကျောင်း(၁၉၅)ကျောင်းအတွက် ကျပ်(၁၁၂၅ ဒသမ ၆၃၂၀)သန်း၊ မူလတန်းကျောင်း (၃၇၃)ကျောင်းအတွက် ကျပ် ၂၄၆၇ ဒသမ ဝ၂၇၂ သန်း အသုံးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

နေထိုင်ရာရပ်ရွာဒေသများတွင် အခြေတကျ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် မူ/လယ်/ထက်တန်းခွဲကျောင်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး မကွေးခရိုင်တွင် ကျောင်းပေါင်း(၂၉၀) ကျောင်း၊ မင်းဘူးခရိုင်တွင်(၁၇၀)ကျောင်း၊ သရက်ခရိုင်တွင်(၂၀၆)ကျောင်း၊ ပခုက္ကူခရိုင်တွင် (၂၄၃) ကျောင်း၊ ဂန့်ဂေါခရိုင်တွင်(၁၀၃) ကျောင်း စုစုပေါင်းကျောင်း(၁၀၁၂)ကျောင်းကို ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း ဝန်ကြီးဒေါက်တာခင်မောင်အေးထံမှ သိရသည်။

 

“ ပြောင်းလဲလာတဲ့ အစိုးရသစ်ရဲ့ဆောင်ရွက်မှုအပိုင်းမှာ ကျောင်းကိုကျောင်းနဲ့တူရမယ်ဆိုတဲ့ သဘောထားမှတ်ချက် နဲ့အတူ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ အန္တရာယ်ရှိတဲ့ကျောင်းဆောင်တွေ အသစ်ပြန်ဆောက်ရေး၊ ကျောင်းသားနဲ့စာသင်ခန်းအချိုးအရ စာသင်ခန်းတွေ လိုအပ်နေတဲ့ကျောင်းတွေ တည်ဆောက်ရေးတွေကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ပေးတဲ့အတွက်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နဲ့ကျေးလက်ဒေသတွေက ကျောင်းအဆောက်အဦတွေ ကောင်းမွန်လာတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနအပေါ်ကို အလွန်ပဲဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါတယ် ” ဟု မကွေးတိုင်းပညာရေးမှူး ဦးအောင်မြင့် က သဘောထားမှတ်ချက်ပြုသည်။

 

၂၀၁၇ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမ များ၊ အောင်ချက်အကောင်းဆုံးကျောင်းများကို ငွေကျပ် (၂၁၇၃၅၅၀ဝ) ဆုချီးမြှင့်ပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ(၂၅၆)ဦး ၊ အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်း နှင့် ဘာသာရပ်သင် ဆရာ၊ဆရာမ(၂၇)ဦးတို့အား ငွေကျပ်(၃၀၃၁၇၈၀ဝ) အကုန်ကျခံ ချီးမြှင့်ပေးခဲ့ကြောင်း ပညာရေးမှတ်တမ်းများအရ သိရသည်။

 

ဇေယျတု(မကွေး)