မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်

 (မတ်လ (၂၂)ရက်  မွန်းလွဲ ၂  နာရီ ထုတ်ပြန်ချက်)

=====================

ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာအနှံ့အပြား၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ကယားပြည်နယ်တွင် နေရာကျဲကျဲနှင့်  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ရန်ကုန် တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။

နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ နှင့် နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးမြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်နှင့် စစ်ကိုင်းမြို့၊ မုံရွာ(ကြေးမုံ)၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မကွေးမြို့၊ ဂန့်ဂေါမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ ကိုးကိုးကျွန်းမြို့တွင် (၃.၁၁)လက်မ၊ ကွမ်းခြံကုန်းမြို့တွင် (၁.၅၄) လက်မ၊ ကြို့ပင်ကောက်မြို့တွင် (၁.၀၆)လက်မ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)နှင့် ဘီးလင်းမြို့ တို့တွင် (၀.၉၁)လက်မစီနှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်)၊ နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)၊ ခရမ်းမြို့နှင့် မအူပင်မြို့တို့တွင် (၀.၈၃)လက်မစီတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ     နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ    နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

မိုး/ဇလ