မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းမြို့နယ် အရှေ့ကုန်းအုပ်စု လယ်ယာမြေအသစ် ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မကွေး ၂၇ ဇူလိုင်

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေးနှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် ၁၀ နာရီခွဲက မကွေးခရိုင် ရေနံချောင်းမြို့နယ် အရှေ့ကုန်းကျေးရွာအုပ်စု လယ်ယာမြေအသစ်ဧက (၁၀၀) ဖော်ထုတ်နိုင်မှု၊ သီးနှံစိုက်ပျိုးနိုင်သည့် ဧရိယာများ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ဆား၊ ဆပ်ပြာ ပေါက် မြေဧရိယာများ စနစ်တကျ မြေဆီလွှာပြုပြင်စိုက်ပျိုးသွားမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လယ်ယာမြေအသစ် ဧက(၁၀၀)ဖော်ထုတ်သည့် ရေနံချောင်းမြို့နယ် အရှေ့ကုန်း ကျေးရွာအုပ်စု အရှေ့ကုန်းကျေးရွာ ကွင်းအမှတ်(၂၂၀) အရှေ့ကွင်းတွင်တည်ရှိပြီး ပင်းချောင်းပဲ့ဆည်မှ ရေရယူကာ မြောင်းစနစ်ဖြင့် ဧက(၄၀)၊ ရေတင်စနစ်ဖြင့် ဧက(၆၀) စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

 

လယ်ယာမြေအသစ် ဖော်ထုတ်သည့်ဧက (၁၀၀)အတွင်းမှ မြောင်းစနစ်ဖြင့် ရေပေးသွင်းနိုင်မည့် (၄၀)ဧကမှ (၂၀)ဧကနှင့် ရေမပေးသွင်းနိုင်သည့် အမြင့်ပိုင်းမှ (၁၃.၀၀)ဧကခန့် စုစုပေါင်း (၃၃.၀၀)ဧကခန့်မှာ မြေဆီလွှာ ဓါတ်ခွဲခန်းအဖြေစစ်ဆေး တွေ့ရှိချက်အရ pH(၁၀.၆)ဖြစ်ပြီး ရေပျော်ဆားပါဝင်မှုနှင့် အပင်ထိခိုက်နိုင်သော ဆိုဒီယမ်ပါဝင်မှု အလွန်များနေသည်ကို တွေရှိရကြောင်း၊ အပင်စိုက်ပျိုးဖြစ်ထွန်းရန် နိုက်ထရိုဂျင်ဓါတ်နှင့် မြေဆွေးဓါတ်ပါဝင်မှု နည်းနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိနှင့် အာဟာရပါဝင်မှု တိုးတက်လာစေရန်အတွက် သီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော် စိုက်ပျိုးမြေမြုပ်ပြီး သစ်စိမ်းမြေသြဇာ ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆား၊ ဆပ်ပြာပေါက်မြေတွင် ဖြစ်ထွန်းနိုင်သည့် သီးနှံစမ်းသပ်ကွက်များလည်း စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ရေသွင်းရေထုတ်ပြုလုပ်ခြင်းဖြင့် ဆားပါဝင်မှုနှင့် pH လျော့ချနိုင်ရန် နိမ့်ရာဘက်ပိုင်းတွင် ရေထုတ်မြောင်းများလည်း တူးဖော်ဆောင်ရွက်ထားရှိကြောင်း စသည်ဖြင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် ကြည့်ရှုစစ်ဆေးခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်၏ အရှေ့ကုန်းအုပ်စု လယ်ယာမြေသစ် ဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဆည်မြောင်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေအနေတွင် မြေပြင်တောရှင်းခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ဆောင်ရွက်ခြင်း၊ အကွက်ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး တောင်သူပေါင်း (၁၈၇)ဦးကို ခွဲဝေပေးကာ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)