မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၂၂

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး ဆက်လက်၍ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်းက လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်ထံ ပေးအပ်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုအား လှည့်လည်လေ့လာ အားပေးကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာ သမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရား၊ စက်အုံတည်ဆောက်မှု အခြေခံများ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၂၄)ဦး သင်တန်းသူ(၂၆)ဦး စုစုပေါင်းသင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၅)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်ညီညာ