မက္ကဆီကို နိုင်ငံက Pfizer ထုတ် ကာကွယ်ဆေး ၃၄.၄ သန်းဝယ်ယူရန် သဘောတူစာချုပ်ချုပ်ဆို

၃ ဒီဇင်ဘာ

 

မက္ကဆီကို နိုင်ငံက အမေရိကန်ဆေးကုမ္ပဏီ Pfizer မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ၃၄.၄ သန်းဝယ်ယူရန် သဘောတူစာချုပ် ဗုဒ္ဓဟူးနေ့က ချုပ်ဆိုကြောင်းနဲ့ ပထမအသုတ်ဆေးတွေဟာ အခုလအတွင်း ရောက်ရှိမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 

မက္ကဆီကိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁.၁ သန်းကျော်ရှိပြီး သေဆုံးသူ ၁၀၇,၀၀၀ နီးပါး ရှိတဲ့အတွက် ရောဂါပိုးဒဏ်အဆိုးဆုံး ခံရတဲ့ လက်တင်အမေရိက နိုင်ငံတွေက တစ်နိုင်ငံဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ဒီဇင်ဘာအတွင်းမှာ ပထမအသုတ်အနေနဲ့  Pfizer ထုတ်ကာကွယ်ဆေး ၂၅၀,၀၀၀ ရောက်ရှိမှာ ဖြစ်ကြောင်း၊ ဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပေးသွားဖြစ်ကြောင်း ပြောပါတယ်။

 

ဗြိတိန်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်ထားတဲ့  ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို အသုံးပြုရန် ပထမဆုံး ကြေညာတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ရောဂါပိုးကာကွယ်ဆေးကို အသုံးပြုခွင့်ပေးပြီး နာရီပိုင်းအတွင်းမှာ မက္ကဆီကိုနိုင်ငံက Pfizer-BioNTech ထုတ်လုပ်တဲ့ ဆေးကို ဝယ်ယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

မက္ကဆီကို နိုင်ငံဟာ ရောဂါပိုးကာကွယ်ဆေးအဖြစ် စမ်းသပ်နေဆဲဖြစ်တဲ့ ဗြိတိန်နိုင်ငံမှ AstraZeneca ဆေးကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ CanSino Biologics တို့မှ ကာကွယ်ဆေးတွေ ဝယ်ယူရန် သဘောတူပြီး ဖြစ်ပါတယ်။

 

ကာကွယ်ဆေးဝယ်ယူရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို ရန်ပုံငွေအဖြစ် ထားရှိကြောင်း သမ္မတက ပြောကြားပြီး၊ တစ်နိုင်ငံလုံးအတွက် ကာကွယ်ဆေးကို အခမဲ့ ထိုးပေးသွားဖို့ ပြင်ဆင်ထားကြောင်း အစိုးရအဖွဲ့က ကတိပြုထားပါတယ်။

 

လူဦးရေ ၁၂၉ သန်းနေထိုင်တဲ့ မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆင်းရဲတဲ့နိုင်ငံများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးရရှိရေးအစီအစဉ် Covax မှာလည်း ပါဝင်ထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP