မျက်နှာပေါ်မှာ ပေါက်နေတဲ့ ဝက်ခြံတွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာက ခန္ဓာကိုယ်ရဲ့ ပြတင်းပေါက်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ် ဖြစ်နေတဲ့ အချို့သော အရာတွေက ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ လက္ခဏာတွေကို ဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှ ာပေါက်တဲ့ဝက်ခြံက ပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေကို အချက်ပြပေးပါတယ်။


မျက်နှာပေါ်မှ ာပေါက်တဲ့ဝက်ခြံတွေက ပြောပြနေတဲ့ သင့်ကျန်းမာရေး


မျက်နှာပေါ်မှာ ပေါက်တဲ့ဝက်ခြံတွေက ခန္ဓာကိုယ်မှာခံစားနေရတဲ့ ရောဂါတွေကို ဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရော ဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။


မျက်ခုံးအထက်မှာ


မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်းနဲ့ သည်းခြေအိတ် မကောင်းဘူးဆိုတာကို ဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင် ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကို လျှော့စားဖို့လိုပါမယ်။ အဆီတွေကိုလည်း လျှော့စားဖို့လိုပါမယ်။


မျက်ခုံးနှစ်ခုကြားမှာ


မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာက ဆေးလိပ်တွေ အရမ်းသောက်တာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အများကြီး သောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အများကြီး ထိမိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ ထောပတ်၊ ချိစ်တွေမစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။


နှာခေါင်း ပေါ်မှာ


နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာက အဆုတ်နဲ့နှလုံး မကောင်းဘူး ဆိုတာကို ဖော်ပြပေးနေတာပါ။ ဒီလိုဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့ လိုပါမယ်။


ဘယ်ဘက်ပါး


မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် အသည်းကျန်းမာရေး အားနည်းနေတာပါ။ အိပ်ရေးဝအောင် အိပ်စက်တာ၊ အာဟာရမျှတအောင် စားသုံးပေးတာတွေ လုပ်ဆောင်ပေးဖို့လိုပါမယ်။


ညာဘက်ပါး


ညာဘက်ပါးမှာ ဝက်ခြံအများကြီး ဖြစ်နေတာက အဆုတ်မကောင်းဘူးဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးတာ၊ မနက်ခင်းမှာ အဆုတ်အားကောင်းစေမယ့် အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးတာမျိုးတွေ လုပ်ပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ သရေစာတွေ တတ်နိုင်သမျှ လျှော့စားပေးပါ။ ပင်လယ်စာတွေနဲ့ ဝိုင်လိုမျိုးအရာတွေကိုလည်း လျှော့စားပေးပါ။


ပါးစပ်တဝိုက်


ဒါကတော့ အစားအသောက်ပုံစံ မှားယွင်းနေတာကြောင့်ပါ။ အစာခြေစနစ်၊ အူလမ်းကြောင်းနဲ့ အသည်းကျန်းမာရေးအားနည်းနေတာတွေကြောင့်လည်း ပါးစပ်တဝိုက်မှာ ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ အစပ်များတဲ့ အစားအစာတွေကို လျှော့စားပါ။ ဆီကြော်စားတွေ တတ်နိုင်သမျှ လျှော့ပါ။ အမျှင်ဓာတ် များများစားပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။


မေးစေ့


ကိုယ်တွင်းဟော်မုန်းပမာဏ မမျှတတာကြောင့်ပါ။ စိတ်ဖိစီးမှုများနေတာကြောင့်လည်း မေးစေ့မှာ ဝက်ခြံဖြစ်နိုင်ပါတယ်။ omega-3 ပြည့်ဝအောင် စားပေးပါ။ လက်ဖက်စိမ်း ရေနွေးကြမ်း သောက်သုံးပေးပါ။


မျက်နှာပေါ်မှာ ပေါက်တဲ့ဝက်ခြံလေးတွေက အသားအရေ ကျန်းမာလို့တင် မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါလေးတွေ မကျန်းမာတာမျိုးလည်း ဖြစ်နေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။


ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”