မျက်နှာဖုံးအသစ်နှင့် ဇာတိရပ်ကွက်လေး

 

 

ဆူးငှက်

 

ကျွန်တော့် ဘိုးဘွား၊ မိဘများသည် မန္တလေးသို့ ရှေးဦး ကတည်းက လုပ်ကိုင်စားသောက်ရန် ရောက်ရှိခဲ့သူများ ဖြစ်ကြသည်။ ရောက်စကတော့ မန္တလေးမှာ ခြောက်လ၊ ဇာတိရွာမှာ ခြောက်လနေကြသတဲ့...။

မြေတစ်လက်မမျှ မပိုင်ဆိုင်ခဲ့ကြ

 စတင်ရောက်ကြတော့ ဒေါင်းရိုးရပ်ဟုခေါ်နေသော နေရာများမှာ လူနေအိမ်ခြေမရှိလှသေး...။ ကိုယ့်ဘာသာ ကိုယ် ခုတ်ထွင်ရှင်းလင်းဝင်းခတ်ကာ နေထိုင်ကြရသည်။ ကျွန်တော့် အဘိုးအဘွား၊ မိဘများက ကိုယ်ချဲ့ထွင်နေနိုင် လျှင်   နေနိုင်သလောက်  ကိုယ်ပိုင်မြေဖြစ်နိုင်ပါလျက် အမြင်မကျယ်ခဲ့ကြ။ နောင်သောအခါ မန္တလေးသို့ ကနဦး ရောက်ခဲ့ကြသော  အဘိုးအဘွား၊  မိဘတို့  မန္တလေးမှာ ကိုယ်ပိုင်မြေတစ်လက်မမျှပင် မပိုင်ဆိုင်ခဲ့ကြ...။ ယခု မန္တလေးမှာ မွေးဖွားခဲ့သော ကျွန်တော်တို့ လက်ထက်မှာ ပင် မြေတစ်လက်မမျှ မပိုင်ဆိုင်ခဲ့ကြ။

အသက်နှစ်ဆယ်အရွယ် အိမ်ထောင်ကျစမှာ မန္တလေး သို့ ရောက်လာသည့် ကျွန်တော့်မိဘများသည် အသက် ခုနစ်ဆယ်နီးပါးအရွယ်ထိ နှစ်ငါးဆယ်နီးပါးမျှ ထိုရပ်ကွက် လေးမှာ နေထိုင်ခဲ့ကြပါသည်။ ဆီစက်ကြီးကို အမှီပြုကာ ခေါင်းရွက်ဗျပ်ထိုး   အရပ်တကာဆီလှည့်    ရောင်းပြီး ကျွန်တော်တို့ကို လူဖြစ်စေခဲ့ပါ၏။ ထိုရပ်ကွက်လေးတွင် ဆီသည်များရှိသလို ဆိုက်ကားနင်းသူများ၊ ဈေးချိုကိုင်း တန်းဈေး၊ ထီးတိုင်ဈေးများတွင်ပျံကျဈေးရောင်းသူများ၊ နွားလှည်းထောင်၊ မြင်းလှည်းထောင်သူများ၊ ပွဲရုံများတွင် ကြက်သွန်ပြာ၊ ဆန်ပြာအလုပ်ကို ဆန်ကောတစ်ချပ်စီဖြင့် အုပ်စုဖွဲ့လုပ်ကိုင်သူများ၊ ကောက်ညှင်းပေါင်း၊ အကြော် ရောင်းသူများ အစုံရှိပါ၏။

တစ်ရပ်ကွက်လုံး ကိုယ့်အိမ်ကိုယ့်ရာ

အလွှာအနေဖြင့်မူ  အောက်ခြေလက်လုပ်လက်စား အလွှာ အများစုရှိပါသည်။ အညာကျေးလက်များမှ ပြောင်း ရွှေ့ လာသူများဖြစ်ကြသလို လက်လုပ်လက်စားများလည်း ဖြစ်၊ အရံအတားမရှိ၊ ဝင်းထရံမရှိ၊ တန်းလျားလို အိမ်လေး များ အခန်းလေးများမှာနေရတော့ သူ့ထမင်းအိုးကိုယ်နှိုက်၊ ကိုယ့်ထမင်းအိုး သူနှိုက်၊ ကိုယ့်အိပ်ရာသူဝင်၊ သူ့အိပ်ရာ ကိုယ်ဝင်နှင့် တစ်ရပ်ကွက်လုံး ကိုယ့်အိမ်ကိုယ့်ရာချည်း ဖြစ်နေပါသည်။ မနက်မိုးမလင်းခင်က လုပ်ငန်းခွင် အသီး သီးသို့ထွက်ခွာကြရပြီး ညနေစောင်းမှ အိမ်ကပ်ရတာမို့ နေ့ခင်း နေ့လယ် တိတ်ဆိတ်ငြိမ်သက်သလောက် ညနေ စောင်းလျှင် ရပ်ကွက်လေးမှာ လှုပ်ရှားသက်ဝင်ဆူညံလာ တော့သည်။   သမဝါယမခွဲတမ်းရ   ဖိလစ်ရေဒီယိုကို တကြော်ကြော်  ဖွင့်သူဖွင့်၊ မူးလာသည့် ယောက်ျားကို တကြော်ကြော်    ဆဲသူဆဲ၊   ဟီးဟီးဟားဟား ရယ်သူ ရယ် ...၊ အော်သူအော် ...၊ ငိုသူငို ...၊ ငေါက်သူငေါက်၊ ရန်ဖြစ်သူဖြစ်၊ ညည်းတွားသူ ညည်းတွားနှင့် အနောက် နိုင်ငံများမှ ဂန္ထဝင်မြောက်ရုပ်ရှင်ကားကြီး၏ ဇာတ်ပို့ ဇာတ်ရံများလို ဇာတ်ညွှန်းအတိုင်း အကွက်စေ့စေ့ လှုပ်ရှား နေသည်နှင့် တူလှသည်။

အခုလို လမ်းမသာသေး၊ လမ်းမီးကလည်းမရှိ

ထင်းရှူးသေတ္တာရိုက်သူက သူ့စိတ်ကူးနှင့် လေလေး တချွန်ချွန်နှင့်ရွေပေါ်ထိုး ...။ သမဝါယမအသင်းတစ်သင်းမှ တာဝန်ခံ စာရေးကြီးကလည်း ဟန်းဘားဘီးအိုကြီး တွန်းကာသီချင်းလေးညည်း။ ထီးတိုင်ဈေး ပျံကျတန်းမှာ ရောင်းသည့် ဈေးသည်အပျိုမကလည်း ရေချိုးရင်း သူ့ စိတ်ကူးနှင့်သူ့သီချင်းနှင့် သဘောတွေ့မနောခွေ့။  သည်လို သည်လို ကိုယ့်ဘဝကိုယ် ပျော်ရွှင်ကျေနပ်နေသူများလည်း ရပ်ကွက်ထဲမှာရှိပါသည်။  ထို့အတူ ညနေတိုင်း မူးပြီး တွေ့ကရာ ကော်ဆဲနေသူလည်း ရှိမှာပေါ့။ မျက်နှာချင်း ဆိုင်တာနဲ့ တကျက်ကျက်ရန်ဖြစ်နေသော လင်မယား လည်းရှိမှာပေါ့။  အိမ်ကလစ်တာနဲ့  အနည်းအများ လောင်းကစားဝိုင်းဆီရောက်နေလို့ အမြဲဆိုဆဲနေတဲ့

သားအမိလည်း ရှိမှာပေါ့ ...။

ထိုအချိန်က မိကျောင်းတံတားလမ်းသည် အခုလို လမ်း မသာသေး၊ လမ်းမီးကလည်းမရှိ၊ အသွားအလာကလည်း ပြတ်တော့ ညနေစောင်းလျှင်ပင် မိကျောင်းတံတားပေါ် မသွားရဲတော့။ အရပ်ထဲမှာ မြက်တံမြက်စည်းတွေ ပြုလုပ် သည့် လုပ်ငန်းလည်းရှိပါသည်။ ဖြတ်တောက်ထားသော တံမြက်စည်းရိုးတွေကို  မိကျောင်းတံတားပေါ်မှာပင် စွန့်ပစ်သည့် အမှိုက်ပုံတွေလည်း ရှိသည်။ ထိုအချိန်က အိမ်တော်ရာအနောက်ဘက်မှသည် ဟိုတောင်ဘက် ဥယျာဉ်တန်းအထိ        မိကျောင်းတံတားလမ်းမသည် မည်းမှောင်ခြောက်ကပ်လျက်။  ဥယျာဉ်တန်းလောက် ရောက်မှ တောအရက်ဆိုင်လေးတွေ့၏။ ရေနံဆီမီးခွက် အလင်းရောင်လက်လက်နှင့်     လူစသူစမြင်ရတော့ သည်။

သွပ်ပြား အော်လန်ကတော့ကြီးကိုကိုင်ကာ

''ရပ်ကွက်လူထုကြီးခင်ဗျား...  ရပ်ကွက်လူထုကြီး ခင်ဗျား၊ နွေရာသီကျရောက်လာပြီဖြစ်တဲ့အတွက် မီးကို အထူးဂရုပြု သုံးစွဲကြပါရန်  မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ...မီးဖိုမီး၊ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးများကို အထူးဂရုပြု ထွန်းညှိကြပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား''

နွေဦးပေါက်လာတိုင်း မိကျောင်းတံတားဘေးက ရပ်ကွက်လေးမှာ ညစဉ်ကြားရသည့် ဆော်ဩသံဖြစ်ပါ သည်။ ထိုဆော်ဩသူက တာဝန်ရှိရပ်ကွက်လူကြီးလည်း မဟုတ်၊ မီးသတ်သမားလည်းမဟုတ်။ ဆယ်အိမ်ခေါင်း လည်းမဟုတ်၊ (ထိုခေတ်အခေါ်) ရ.လ.က လူကြီးလည်း မဟုတ်။ ရပ်ကွက်ထဲမှ စေတနာ့ဝန်ထမ်း လူကြီးတစ်ဦးပဲ ဖြစ်ပါသည်။ သူသည် နွေအခါရောက်လာတိုင်း သွပ်ပြား အော်လန်ကတော့ကြီးကိုကိုင်ကာ ရပ်ကွက်အနှံ့၊ အိမ်ကြို အိမ်ကြားအထိ လှည့်လည်ဆော်ဩလေ့ရှိပါ၏။ နွေရာသီ တွင်ဟုတ်ရိုးလား။ မိုး၊ ဆောင်း ရောက်သော်လည်း ရာသီ ဥတုဖောက်ပြန်ကာ လေမုန်တိုင်းတိုက်ခတ်မည့် အရိပ် အယောင်မြင်လျှင်လည်း ထိုအော်လန်ကြီးဖြင့် လှည့်လည် အော်ဟစ်သတိပေးတတ်ပါသည်။

တတ်နိုင်သည့်ဘက်မှ ရပ်ကွက်အကျိုး ဆောင်ရွက်သူ

ထိုသို့သတိပေးမှုကြောင့်ရော...၊ရပ်ကွက်လူထု၏ ဂရု စိုက်မှုကြောင့်ရော အကယ်၍ မီးထင်းကိစ္စ ကြုံပြန်လျှင် လည်း ရပ်ကွက်သားတွေ ညီညွတ်မှုကြောင့် ဤမျှ အိမ်ခြေ ပြွတ်ကပ်ညှပ်ပြီး လျှပ်စစ်မီးမရှိဘဲ အိမ်တိုင်းစေ့ ရေနံဆီ မီးခွက်လေးများနှင့်ဖြစ်သော်လည်း မီးဘေးကိစ္စအကြီးအကျယ်မကြုံဖူးသော ရပ်ကွက်ကလေးဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ထိုသို့ မီးကိုဂရုစိုက်ဖို့ ဆော်ဩသည့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်ကြီးကို ကလေးပီပီ အလေးအနက် မထားလှဘဲ ''သူက မီးဂရုစိုက်ဖို့ ပြောမှာ ပေါ့။ ရပ်ကွက်ထဲမှာ သူ့အိမ်ကြီးကအကောင်းဆုံးမဟုတ် လား'' ဟု နောက်ပြောင် စကားပြောခဲ့ဖူးပါသည်။ သို့သော် မဟုတ်ပါ။ ရပ်ကွက်အပေါ်စေတနာထားလွန်း၍ အပင် ပန်းခံကာ ဆော်ဩခြင်းဖြစ်ပါ၏။ တတ်နိုင်သူက တတ်နိုင် သလို ရပ်ကွက်အပေါ် စေတနာထားကြသလို၊ မတတ်နိုင် သော်လည်း  တတ်နိုင်သည့်ဘက်မှ  ရပ်ကွက်အကျိုး ဆောင်ရွက်သူကိုလည်း ထိုရပ်ကွက်လေးမှာ တွေ့ရပါ၏။

မြန်မာ့စိတ်ရင်းဖြင့် မြန်မာ့ လူနေမှုစရိုက်များ

ထိုအဒေါ်ကြီးက ဆင်းရဲပါသည်။ သို့သော် ရပ်ကွက်ထဲ မှာ နာရေးကိစ္စကြုံလေတိုင်း ရုပ်ကလာပ်ကို ရေမိုးချိုးပေး၊ ပြင်ဆင်ပေးတာ၊ နာရေးဆိုင်ရာ မိရိုးဖလာကိစ္စဆောင်ရွက် ပေးတာ၊ ရက်လည်သည်အထိ ကိုယ်ဖိရင်ဖိ ဆောင်ရွက် ပေးတတ်ပါ၏။ နာရေးရှင်က ထိုအဒေါ်ကြီးကို အခကြေး ငွေပေးသော်လည်း လက်မခံ...။ နာရေးရှင် တည်ခင်းသော ဆေးပေါ့လိပ်လေးဖွာတာ၊ လက်ဖက်တစ်ရိုးဝါးတာ လောက်ပဲရှိပါသည်။ ထိုအဒေါ်ကြီး အဆုတ်ရောဂါဖြင့် ဆေးရုံတက်ရသောအခါ ယခုလို အဆုတ်ရောဂါကုဆေးရုံ သီးခြားမရှိသောကြောင့် ဆေးရုံမှာနေရာတကျ အကုသ မခံရဘဲ ဆုံးပါးသွားခဲ့သည်။ သူ့အကြောင်းကို ဆရာဝန် တစ်ဦးက ဟံသာဝတီသတင်းစာတွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါ၏။ သူဆုံးပါးသွားသော်လည်း သူ့လုပ်ငန်း ကို သမီးဖြစ်သူက ဆက်လက်လုပ်ကိုင်ကာ ကုသိုလ်ယူပါ သည်။

ရပ်ကွက်ကလေးတွင် ဤသို့သော စံပြနမူနာယူဖွယ် ပုဂ္ဂိုလ်များလည်းရှိခဲ့ပါသည်။ မြန်မာ့စိတ်ရင်းဖြင့် မြန်မာ့ လူနေမှုစရိုက်များကို မိကျောင်းတံတားပေါ်မှတစ်ဆင့် ရပ်ကွက်လေးကိုမြင်တိုင်း သတိရလွမ်းဆွတ်နေမိသည်။

လူနေအဆောက်အအုံတို့ ပြောင်းလဲသွားသော်လည်း

ထိုရပ်ကွက်လေးမှ ကျွန်တော်တို့သည် ၁၉၈၃ ခုနှစ် လောက်က စွန့်ခွာခဲ့ကြပါသည်။ စွန့်ခွာစနှစ်များကတော့ အိမ်တော်ရာဘုရားပွဲမို့ ရပ်ကွက်လေးထဲမှာ သာရေး နာရေး၊ ဘုရားပွဲလည်းရှိလည်းရှိလို့မို့ သွားရောက်ကာ အဆက်အသွယ်မပြတ်ဖြစ်နေပါသေး၏။ သည်လိုနှင့် တစ်နှစ်...၊ နှစ်နှစ်၊ သုံးလေးနှစ်ကြာတော့ ရပ်ကွက်လေးဆီ မရောက်ဖြစ်တော့။ ရပ်ကွက်လေးဆီ ပြန်ရောက်တော့ အရင်ကလို မိကျောင်းတံတားမှအောက်သို့ အနက်ကြီး ဆင်းစရာမလိုတော့ ...။ အရင်ကလို မိကျောင်းတံတား အောက်မှာ ကပ်မိုးကပ်ကာ တဲကလေးတွေငုပ်လျှိုးနေပြီး မီးခိုးတအူအူနှင့်ရပ်ကွက်လေးမဟုတ်တော့...။ ရပ်ကွက် လေး၏ လူနေအဆောက်အအုံတို့ ပြောင်းလဲသွားသော် လည်း မိကျောင်းတံတားလမ်းက ယာဉ်မျိုးစုံ ရှုပ်ထွေး ကျပ်ညပ်သည်ကလွဲ၍ မပြောင်းမလဲ။

LED လမ်းမီး တထိန်ထိန်နှင့် နိုင်လွန်ကတ္တရာလမ်းမကြီး

အခု နှစ် ၄ဝနီးပါးကြာမှ ရပ်ကွက်လေးဆီ အလည် အပတ်ရောက်တော့ မိကျောင်းတံတားကို မေးတင်ပြီး တိုက်ကြီးတွေ၊ နံကပ်တိုက်တွေ၊ အုတ်တံတိုင်းခတ်ဝင်းတွေ ဖြစ်ကုန်ပါပကော။  မန္တလေး၏  အဓိကလူသုံးကုန် စားသောက်ကုန် အဝတ်အထည် အသုံးအဆောင် လက်လီ လက်ကား ရောင်းဝယ်ရာ ဈေးကွက်ကြီး ဖြစ်နေပါပကော။

အရင်က လမ်းလျှောက်ဖို့ အနေသာ ယာဉ်များပင် သွားဖို့လာဖို့ ခက်ခဲကာ ညနေစောင်းသည်နှင့် လူသူ မဖြတ်ဝံ့သော မိကျောင်းတံတားလမ်းက အခုတော့ LED လမ်းမီး တထိန်ထိန်နှင့် နိုင်လွန်ကတ္တရာလမ်းမကြီး ဖြစ် နေပါပကော..။           ။

 

ကြေးမုံ