မလေးရှားနိုင်ငံ၏ (၆၁)နှစ်မြောက် အမျိုးသားနေ့၊ (၈၅) နှစ်မြောက် တပ်မတော်နေ့နှင့် နှစ် (၆၀) ပြည့် မလေးရှား - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၁၂ အောက်တိုဘာ

မလေးရှားနိုင်ငံ၏ (၆၁) နှစ်မြောက် အမျိုးသားနေ့၊ (၈၅) နှစ်မြောက် တပ်မတော်နေ့နှင့် နှစ်(၆၀)ပြည့် မလေးရှား-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Wyndham Grand Royal Lake Hotel  ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်ဇနီး ဒေါ်သွင်သွင်အေးမှီတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် မလေးရှား နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim နှင့် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က မလေးရှားနိုင်ငံ၏ (၆၁)နှစ်မြောက် အမျိုးသားနေ့နှင့် နှစ်(၆၀)ပြည့် မလေးရှား-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)