မလေးရှားနိုင်ငံ၌ သွေးလွန်တုပ်ကွေးကြောင့် လေးဦးထပ်မံသေဆုံး

ကွာလာလမ်ပူ၊ ဧပြီ ၃၀

သီတင်းပတ်တစ်ပတ်ကျော်အတွင်း မလေးရှားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ လေးဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဧပြီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

လွန်ခဲ့သော သီတင်းပတ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၉၈ ဦးနှင့်နှိုင်းယှဉ်ကြည့်လျှင် ဧပြီ ၁၄ ရက်မှ ၂၀ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၂၁ ဦးအထိ တိုးလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လေးဦးထပ်မံသေဆုံးကြောင်း သတင်းဖော်ပြမှုနှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးကြောင့် စုစုပေါင်းသေဆုံးသူ ၃၉ ဦး အထိရှိလာခဲ့သည်။ လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၂ ဦး ရှိခဲ့သည်။

ဆင်ဟွာ