မလှိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကုန်ထုတ်ဂန့်ဂါးလမ်း ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပွား

မလှိုင်   ၂၉   ဇူလိုင်      


  
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်  ညနေ ၆ နာရီ မှ ၁၁ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သပြေပင်ကျေးရွာအုပ်စု၊ မြောက်ကုန်းကျေးရွာတွင် ကုန်ထုတ်ဂန့်ဂါးလမ်း ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ကုန်ထုတ်ဂန့်ဂါးလမ်းကို ၂ဝ၁၉ ခုနှစ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တင်ဒါ စနစ်ဖြင့် ဖောက်လုပ်ပေးထားသော ကုန်ထုတ်လမ်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အကျယ် (၁၄)ပေ၊ လမ်းအရှည်(၁၃၅)ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မလှိုင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၊ ထနောင်ကိုင်းကျေးရွာအနီးရှိ ကျွဲခြံကန်သည် ဇူလိုင် ၂၇ ရက် ညပိုင်းက  မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ကန်အပြည့် ရေဝင်ရောက်ခဲ့၍ ဇူလိုင် ၂၈  ရက် နံနက် ၆ နာရီခန့်က ကန်ပေါင်အတွင်းဘက်၌  အချင်း(၂)ပေခန့်ရှိ ရေဝဲကန်တော့  ဖြစ်ပေါ်ပြီး တမံ အောက်ဘက်တွင် အချင်း(၆)ပေခန့် ကျိုး(ထူး)ပေါက်ပြီးရေများ ပန်းထွက်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ တူးပေါက်ကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သဲအိတ်များ၊ ဝါးကပ်များဖြင့် ယာယီပိတ်ဆို့ပြုပြင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။ ကျွဲခြံကန်သည် အလျားပေ(၁၀ဝဝ) ၊  အနံပေ (၂ဝ)၊ အမြင့် ပေ (၂၀)ခန့်ရှိပြီး ကျေးရွာမှ ထိန်းသိမ်းစောင့်ရှောက်ထားသော ကန်ဖြစ်ကြောင်း သိရသည်။  

 

အောင်ဌေး(မလှိုင်)