မလှိုင်မြို့နယ်တွင်းရှိ လူဦးရေသုံးသောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော တိုက်နယ်ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တန်း တိုက်နယ်ဆေးရုံ အဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ကျောက်တန်းကျေးရွာရှိ အဆိုပါဆေးရုံဝင်းအတွင်း၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မလှိုင်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 
ရှေးဦးစွာ ကျောက်တန်း တိုက်နယ်ဆေးရုံ အဆောက်အဦးသစ်ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဒေါက်တာစိုးသန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးဇာနည်အောင် နှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးစုပေါင်း မှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။  

 

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဆေးရုံ ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဆေးရုံဝင်းအတွင်း  လှည့်လည်ကြည့်ရှုကာ ဆေးကုသမှု ခံယူနေသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

 

ထို့နောက် ဆေးရုံဝင်းအတွင်းရှိ မင်္ဂလာမဏ္ဍပ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆေးရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ 

 

ယခုဖွင့်လှစ်ခဲ့သော ကျောက်တန်းတိုက်နယ်ဆေးရုံအသစ်မှာ ပင်မအဆောက်အဦး အလျား(၁၄၁) ပေ၊ အနံ(၁၁၀) ပေ၊ အကျယ် ဝန်းမှာ (၄) ဧက ရှိပြီး ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ (၁) လုံး ၊ သုံးခန်းတွဲ(၁)လုံး၊ လေးခန်းတွဲ (၂)လုံး  ပါရှိသည်။ ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ်  (၅၈၃၈၁၀ဝ၀ဝ) ဖြင့် တင်ဒါအောင်မြင်ခဲ့သော Royal  Mulan ကုမ္ပဏီ က တာဝန်ယူ၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်းများရာ နှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့သည်။ 

 

ကျောက်တန်းတိုက်နယ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (၆)ခုရှိ၍ ကျေးရွာ ပေါင်း (၅၅) ရွာ ၊ အိမ်ခြေ ပေါင်း ( ၆၂၂၆ ) အိမ်၊  လူဦးရေ (၃၄၃၇၈) ဦးရှိပြီး အဆိုပါဒေသခံများ၏ ကျန်းမာ ရေးကို ကျောက်တန်းတိုက်နယ်ဆေးရုံမှ ၂၄ နာရီ အချိန်ပြည့် ကျန်းမာရေးစောင်ရှောက်မှု ပေးနိုင်ပြီး ဒေသခံများ အားကိုး နေရသည့် ဆေးရုံတစ်ရုံဖြစ်ကြောင်း သိရသည်။  

 

အောင်ဌေး(မလှိုင်)