မမေ့မလျော့ မပေါ့မဆ သတိပြု

၃   မတ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများ၏ COMD-19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှ ရောဂါကူးစက်မှုများသာမက နိုင်ငံတွင်း၌ပါ ရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

COMD-19 ရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ ယခုနှစ် ဇန်နဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့ရာ နိုင်ငံများသို့ တစ်စတစ်စကူးစက်ပျံ့နှံ့လာပြီးဖေဖော်ဝါရီလ နောက်ဆုံးရက်သတ္တပတ်တွင် နိုင်ငံ ၃၃ နိုင်ငံသို့ကူးစက်ပျံ့နှံ့ရာမှ ယခု မတ်လ ၂ ရက်နေ့တွင် နိုင်ငံ ၆၀ ကျော် ကူးစက်ပျံ့နှံ့လာသဖြင့် ကူးစက်ပျံ့နှံ့နိုင်ငံ နှစ်ဆတိုးကာ အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂ ရက်နေ့အထိ ဟူပေပြည်နယ်တွင် သေဆုံးသူ ၂၈၀၃ ဦးရှိပြီး တရုတ် တစ်နိုင်ငံလုံးတွင် ၂၉၁၂ ဦးရှိသည်။ တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ ၈၈၅၈၂ ဦးရှိပြီး သေဆုံးသူ ၃၀၃၈ ဦးရှိသည်။ ပြန်လည်ကောင်းမွန်သူ ၄၅၀၅၆ ဦးရှိသော်လည်း ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့မှုမြင့်မားလာပြီး အီရန်နိုင်ငံတွင် ၅၄ ဦး၊ အီတလီနိုင်ငံတွင် ၃၄ ဦး၊ ကိုရီးယားသမ္မတနိုင်ငံတွင် ၁၇ ဦးသေဆုံးပြီး ရောဂါဖြစ်ပွားမှုမြင့်တက်လာရာ အထူးသတိပြုဖွယ် ဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ COMD-19 ရောဂါဖြစ်ပွားသူ လူနာမတွေ့ရှိသေးသော်လည်း ရောဂါစတင်သည့် တရုတ်နိုင်ငံအပြင် စင်ကာပူနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံနှင့် အီရန်နိုင်ငံတို့တွင် အရှိန်အဟုန်ဖြင့် ရောဂါကူးစက်ဖြစ်ပွားလျက် ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ပျံ့နှံ့နိုင်မှု အခြေအနေ အလွန်မြင့်မားသည့်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနိုင်မှု အလွန်မြင့်မားသော အနေအထား တွင်ရှိနေသည်ဟု ဆိုနိုင်သည်။

မည်သို့ပင်ရှိသည်ဖြစ်စေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာ ဆန်းစစ်ချက်အပေါ်မူတည်၍ ရောဂါကူးစက်ခြင်းမခံရသည့် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အကြံပြုချက်ငါးချက် ထုတ်ပြန်ထားရာ မြန်မာနိုင်ငံအနေဖြင့် ထိုအကြံပြုချက်များနှင့် ကိုက်ညီအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်း၊ ရောဂါစတင်ဖြစ်သည့်အချိန်မှစ၍ ယနေ့ထိတိုင်အောင် မပြတ်သော သတိ၊ မလျှော့သောဝီရိယဖြင့် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်။ ။

သို့ဖြစ်ရာ COVID-19 ရောဂါဖြစ်ပွားသည့်နိုင်ငံများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသဖြင့် အဓိကဝင်ပေါက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် ရောဂါဖြစ်ပွားသည့်နိုင်ငံမှလာရောက် သော ခရီးသည်များအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးဖော်ထုတ်ခြင်း၊ ရောဂါပိုးသတ်ခြင်း၊ ကြပ်မတ်ကုသ စောင့်ကြည့်ခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်း၊ ပြည်သူလူထုလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို စဉ်ဆက်မပြတ်အသိပေးခြင်း စသည်တို့ကို မမေ့မလျော့ မပေါ့မဆ သတိပြု၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ခြင်းအားဖြင့် ရောဂါမဖြစ်သော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ