မမေ့နိုင်သည့်အာဇာနည်ခေါင်းဆောင်

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသော နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိ အချိန်တွင် မသမာသူလူသတ်သမား တစ်စု၏ အကြံပက်စက်မှုကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရသည်မှာ ယနေ့ဆိုလျှင် (၇၂) နှစ်မြောက် တိုင်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းကြာပြီဖြစ်သော်လည် မြန်မာနိုင်ငံသားများအားလုံးမေ့မရနိုင်။


မြန်မာပြည်နှင့်မြန်မာလူမျိုးများ နှစ်ပေါင်းတစ်ရာကျော် တိုင်းတစ်ပါးလက်အောက် ကျွန်သဘောက်ဘဝမှ လုံးဝလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားမှာကြီးမားလှပါဘိ။ လွတ်လပ်သော မြန်မာနိုင်ငံတော်တွင် လွတ်လပ်သောအခွင့်အရေးများကို လက်တွေ့ အကောင်အထည် ပေါ်လာအောင် ရွပ်ရွပ်ချွံချွံ အသက်စတေးခဲ့သည်များကို ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်အောင် မြန်မာသမိုင်းမော်ကွန်း၌ အထင်အရှား မော်ကွန်းတင်ထားပေသည်။


ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံတော်အပေါ် စွဲမြဲယုံကြည်ချက်များ မျှော်မှန်းတောင့်တမှုများ အကောင်အထည်မပေါ်မီ ကျဆုံးခဲ့ရသည်ဖြစ်၍ ကျွန်ပ်တို့ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များကို လေးစားသောအားဖြင့် လေ့လာလိုက်စား မှတ်သားထားရမည်ဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းသည်ကား - (၁) ပုဂ္ဂိုလ်အားဖြင့် ဟန်ဆောင်မှုလွှမ်းသော ပကာသနလူ့အဖွဲ့အစည်းစနစ်ကို မကြိုက်။ ဟုတ်တိုင်းမှန်ရာဘွင်းဘွင်းရှင်းရှင်း ဆက်ဆံရေးကိုနှစ်သက်သည်။  (၂) နိုင်ငံရေးအားဖြင့် လွတ်လပ်သော ဒီမိုကရေစီဝါဒကိုသာ မြတ်နိုးသည်။ (၃) စီးပွားရေး ဘောဂဗေဒအရ မြန်မာနိုင်ငံသည် စီးပွားရေး ဖူလုံတိုးတက်လာရန် အလားအလာ များစွာရှိသည်ကို အကြွင်းမဲ့ ယုံကြည်သည်။ (၄) လူကုံထံကို အထင်မကြီး ဆင်းရဲသား ကျောမွဲသားကို လူထုကြီးကို အထင်ကြီးသည်။ ယုံကြည်အားကိုးသည်။ (၅) အမျိုးသားယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးရေး ပြန်လည် ဆန်းသစ်ရေးကို ကျွန်ပ်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ယူဆသည်။ (၆) အဓမ္မနယ်ချဲ့စနစ်ကို အပြင်းအထန် မုန်းတီးရွံ့ရှာသည်။ လူမျိုးတိုင်းလူမျိုးတိုင်းသည် မိမိတို့၏ကံကြမ္မာကို မိမိတို့သာလျှင် ဖန်တီးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သည်။ (၇) အနောက်နိုင်ငံများထက် အရှေ့နိုင်ငံများကို အထင်ကြီးသည်။ မြတ်နိုးသည်၊ ယုံကြည်သည်။ (၈) အရှေ့အာရှနိုင်ငံများတွင် တူညီသောအချက် မြောက်မြားစွာရှိနေသဖြင့် နိုင်ငံရေးအရ အချင်းချင်း သွေးစည်းညီညွတ်ရန် အရေးကြီးသည်နှင့်အမျှ အဘက်ဘက်တွင် ဘဝတူနိုင်ငံများအဖြစ် စည်းလုံးသင့်သည်ဟု ယူဆသည်။ 


အထက်ပါအကြောင်းအရာများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ပေါ်လွင် ထင်ရှားဆုံး အချက်အလက်များဖြစ်ရာ ကျွန်ပ်တို့တိုင်းရင်းသားပြည်သူများ အားလုံးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို သတိရတမ်းတသည်ဆိုပါလျှင် ထိုအချက်များကို အစဉ်သတိပြုလေ့လာခြင်း၊ မျှော်မှန်းချက်အတိုင်း တတ်နိုင်သမျှ ကြိုးစားအကောင် အထည်ဖော်ခြင်း၊ ကြိုးစားလိုက်နာခြင်း စသည်ဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာ ကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးများအား ကျေးဇူးဆပ်ရာ ရောက်ပေမည်။


အထူးသဖြင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခရီးစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးထားခဲ့သော မျှော်မှန်းချက်၊ မြန်မာလူထု အကျိုးကျေးဇူးအတွက် စီမံထားချက်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ စိတ်ကူးခဲ့သည့် မြန်မာနိုင်ငံတော်သစ်ကြီးကို ဖန်တီး အကောင်အထည်ဖော်ရာတွင် အားလုံးညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးစားမှသာလျှင် ကျွန်ပ်တို့အားလုံး တာဝန်သိသော နိုင်ငံသားကောင်းများဖြစ်ပေမည်။ အာဇာနည်ခေါင်းဆောင်များကို လေးစားရာ ရောက်ပေမည်။


သို့ဖြစ်ရာ ဤနေ့ဤရက် မမေ့နိုင်သော အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား မမေ့မလျော့ ဂါရဝပြုကြသကဲ့သို့  ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များကိုလည်း အလေးထားဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။


ကြေးမုံ