မြန်အောင်မြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်းရေးသားသူအား ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူထား

နေပြည်တော် ၁၆ ဧပြီ

 
    
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ (၅)ရပ်ကွက်နေ ဦးမြငွေ (၇၁) နှစ်အား ဧပြီ ၁၅ ရက် ညနေ ၃ နာရီ ခန့်တွင် မြန်အောင်မြို့မရဲစခန်းမှ ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ မတ် ၁၇ ရက်က ဦးမြငွေသည် Mya Ngwe အကောင့်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာ၌ "မြန်အောင်သူ/သားအပေါင်းတို့ မြို့နယ်ထွေ/အုပ်ရုံးက ကြေငြာနေပါပြီ ပန်းတောင်းကလူနာ လင်မယား ၂ ယောက် ရန်ကုန်ဆေးရုံကြီးမှ ထွက်ပြေးပြီး မိမိနေရပ်မှတစ်ဆင့် မြန်အောင်သို့ ဝင်ခိုနေပြီဟု သိထားသည်။ သို့ဖြစ်ပါ၍ မိမိအိမ်နီးနားချင်း/ အိမ်တွင်ဖြစ်စေ လက်မခံ ထားဖို့၊ မိသားစုပါ သေနိုင်သည်။ ကူးစက်မှုမြန်ဆန်ပါသဖြင့် လူအများ ချွတ်ချော်တိမ်းပါးမှုမဖြစ်စေရန် အထူးသတိပြု လေ့လာစိစစ် သတင်းပေးကြပါရန် ကိုယ်တိုင်လက်ခံထားမိပါက အမြန်သတင်းပို့ပါ” စသည်ဖြင့် မဟုတ်မမှန်ရေးသားဖော်ပြခဲ့၍ အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)