မင်းဘူး (စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်း ၆၅ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

မင်းဘူး  ၂၀    ဇန်နဝါရီ       

 

မကွေးတိုင်း ဒေသကြီး ၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၇၂၇ ဒသမ ၁၀ သန်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၆၅ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

 

852

 

မင်းဘူး (စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်း သာယာလှပရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် မြို့တွင်းရှိ ရေနုတ်မြောင်းများ တူးဖော်ခြင်း ၊ ကတ္တရာလမ်းများ ချဲ့ထွင်ပြုပြင်ခြင်း ၊ ဈေးတွင်းလမ်းများ ကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် မြို့တွင်း ရေပြတ်လပ်မှုမရှိစေရေး ရေပေးဝေရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ မြို့ပြသာယာလှပစေရေး လမ်းဘေးပလက်ဖောင်းများ ပြုပြင်မွမ်းမံခြင်း၊ ပန်းအလှပင်များနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း ၊ ရပ်ကွက်များအတွင်း အမှိုက်များ စနစ်တကျ သိမ်းဆည်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

63

 

 “ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဌာနခွင့်ပြုငွေ လုံးငွေရင်း ရန်ပုံငွေနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း (၆၅)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကတော့ မြို့တွင်းရပ်ကွက်နေ ပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း(၂၅)ခု စုစုပေါင်း လမ်းအရှည်ပေ ၂ မိုင် ၊ ၅ ဒသမ ၈၅ ဖာလုံ အား ခွင့်ပြုငွေကျပ် ၄၈၃ ဒသမ ၁၂ သန်းဖြင့် ပြုပြင်ဆောင်ရွက်ခြင်း ၊ ခွင့်ပြုငွေကျပ် ၂၃ ဒသမ ၅၇  သန်းဖြင့် ကွန်ကရစ်တံတား (၁၀)စင်း တည်ဆောက်ခြင်း ၊ ခွင့်ပြုငွေကျပ် ၃၀ ဒသမ ၇၅ သန်းဖြင့် ရေပေးဝေရေးလုပ်ငန်း (၁၁)ခု အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း ၊ ခွင့်ပြုငွေကျပ် ၁၆၄ ဒသမ ၆၆ သန်းဖြင့် အုတ်ရေနုတ်မြောင်း (၁၁)ခု တူးဖော်ဆောင်ရွက်ခြင်း ၊ ခွင့်ပြုငွေကျပ် ၂၅ သန်းဖြင့် အခြားလုပ်ငန်း(၈)ခု ဆောင်ရွက်ခြင်း  ၊  စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း(၆၅)ခုကို ဌာနခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ( ၇၂၇ ဒသမ  ၁၀ ) သန်းဖြင့် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်  အမြန်ဆုံး လုပ်ဆောင် နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ် ဟု မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင် က ပြောသည်။ 

 

896

 

ရဲဝင်းနိုင် ( ညောင်ဦး )