မင်းဘူး(စကု)မြို့နယ်မှ ငရုစိုက်တောင်သူများ ဈေးကောင်းမရသော်လည်း အထွက်နှုန်းကောင်း၍ အဆင်ပြေ

မင်းဘူး ဒီဇင်ဘာ ၆

 

မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက်တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်းမရသော်လည်း အထွက်နှုန်းကောင်း၍ အဆင်ပြေလျက်ရှိကြကြောင်း ရေတွင်းကုန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။

 

ငရုတ်ပင်များကို စိုက်ပျိုးကြမည်ဆိုပါက ရေမဝပ်တဲ့မြေ၊ သဲမြေများနှင့် နုန်းမြေများကို အကြိုက်ဆုံးဖြစ်သည်။ မြေစေး အသင့်အတင့်ပါတဲ့ မြေများတွင်လည်း စိုက်ပျိုးနိုင်ပြီး ရေမဝပ်စေဖို့အတွက် ရေထုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပေးရသည်။ သဲမြေများတွင် စိုက်ပျိုးမည်ဆိုပါက သစ်ရွက် သစ်ခက်များနဲ့ ပြုလုပ်ထားတဲ့ သဘာဝ မြေဆွေးများနှင့် နွားချေး၊ ဆိတ်ချေးများပါသော မြေဆွေးများ အလုံအလောက်ထည့်၍ စိုက်ပျိုးဖို့လိုပေသည်။

 

ငရုတ်စိုက်ပျိုးရာတွင် ထွန်ယက်၍ တိုက်ရိုက် စိုက်ပျိုးကြသူများရှိသလို တချို့က ထွန်ရေးညက်ညက် ထွန်ယက်၍ မျိုးစေ့ချ စိုက်ပျိုးသူများနှင့် ပျိုးထောင်၍ ပျိုးပင်များကို ပေါင်ဆွဲပြီး စနစ်တကျ စိုက်ပျိုးသူများလည်း ရှိသည်။ ငရုတ်မျိုးစေ့များကို မျိုးစေ့ချ၍ စိုက်ပျိုးလျှင် ပျိုးပင်ထူထပ်သည့် နေရာများတွင် ပိန်လှီသေးငယ်နေသော အပင်ကလေးများကို လိုချင်တဲ့ အကွာအဝေးထားပြီး နုတ်ပေးရသည်။ သို့မှသာ ကျန်ရှိနေသည့် အပင်များ ဖြစ်ထွန်းပေမည်။

 

ငရုတ်ပင်များကို ပျိုးပင်ပျိုး၍ စိုက်ပျိုးနည်းကတော့ ထယ်ရေး ညက်ညက်ထွန်ထားတဲ့ မြေပေါ်မှာ ပျိုးပင်သက် ရက် ၃၀ မှ ၄၅ ရက်သားအတွင်း ပြောင်းရွှေ့စိုက်ပျိုးကာ စိုက်ပျိုးပြီး ၄/၅ ရက်ကြာလျှင် အပင်များ အမြစ်ဆင်းပြီဖြစ်၍ စိမ်းစိုလန်းဆန်းလာပြီး ၁၂ / ၁၃ ရက်ကြာတဲ့အခါ ရေသွင်းခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည်။ ငရုတ်ပင်များကို မြေဆွခြင်းနှင့် မြေဩဇာကျွေးခြင်းကိုတော့ ၁၅ ရက်မှ တစ်ကြိမ်သာ ပြုလုပ်ပေးကြသည်။

 

ငရုတ်ပင်များကို မျိုးစေ့ချစိုက်ပျိုးလျှင် ၃ လ၊ ပျိုးထောင် စိုက်ပျိုးလျှင် ၂ လအကြာမှာ ပန်းများစပွင့်၍ ပန်းပွင့်ပြီး ၂ ပတ်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်သည်။ ငရုတ်သီးအထွက်နှုန်းမှာ မြေအနေအထားနှင့် အပင်ကောင်းမှု အပေါ်မူတည်ကာ တစ်ဧကလျှင် ပိဿာချိန် ၅၀၀ မှ ၁၀၀၀ ကြားထွက်ရှိသည်။ ငရုတ်သီးစိမ်းမှာ ပင်နံငရုတ်နှင့် ငရုတ်ပွအတောင့်ရှည် မျိုးဟူ၍ နှစ်မျိုးရှိပြီး ပင်နံမျိုးမှာ တစ်ပိဿာလျှင် ၁၅၀၀ ဈေးရှိ၍ ငရုတ်ပွအတောင့်ရှည်မျိုးမှာ တစ်ပိဿာလျှင်ကျပ် ၁၀၀၀ ဈေးရှိပြီး ငရုတ်သီးဈေး မကောင်းသော်လည်း အထွက်နှုန်းကောင်းသောကြောင့် အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ငရုတ်စိုက်တောင်သူ ကိုကျော်ကြီးက ပြောသည်။

 

ဇေယျာထက် (မင်းဘူး)