မင်းဘူး(စကု)မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၇၈၁ ဉီးအတွက် နိုင်ငံတော်မှ ငွေကျပ် ၄၆၈ သိန်းကျော် ထောက်ပံ့ပေးအပ်

မင်းဘူး   ၂၅   ဇွန်     

                

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဉီးစီး ဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်း နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ယခုလို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ဘိုးဘွာများအား ထပ်ဆောင်းငွေတစ်ဉီးလျှင် ကျပ်သုံးသောင်းတိတိနှုန်းဖြင့် တစ်ကြိမ်တည်း ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၇၈၁ ဉီးအတွက် သက်ကြီးလူမှုရေး ပင်စင်ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း  ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်  ၄၆၈ သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)