မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ၈၅ ရာခိုင်နှုန်းပြီးစီး

မင်းဘူး  ၁၅  ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို မင်းဘူးမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ယခု ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း  ၅၆ ရွာအား ပံ့ပိုးငွေမျာ းပေးအပ်ခဲ့ပြီး  ၎င်းစီမံကိန်းကို ကျေးရွာ ပြည်သူများမှ ရွေးချယ် တင်မြောက်သော ကော်မတီဝင်များ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် စီမံကိန်း ထောက်ပံ့ငွေနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ပြီး ကျေးရွာပြည်သူများ ကိုယ်တိုင် မိမိတို့ကျေးရွာ၏ အဓိက ဆောင်ရွက်ရန်လိုအပ်သော လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေးနှင့် ခန်းမဆောင် စသည့် လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ထည့်သွင်းကာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ရသည့် စီမံကိန်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း လိုအပ်သော နည်းပညာအထောက်အပံ့များကို ကြီးကြပ်ပံ့ပိုးပေးလျက်ရှိကြောင်း  သိရသည်။

 

မင်းဘူးမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူများက ထောက်ရှာပင် ကျေးရွာ၊ မကျီးစုကျေးရွာ၊ ဇရပ်ကြီးကျေးရွာ၊ ရေပေါ်လေး ကျေးရွာ၊ တဲကုန်းကျေးရွာ၊ ရိုးကြီး ကျေးရွာ၊ ပင်လယ်သက်ကျေးရွာ၊ ကျောက်စံကျေးရွာ၊ ဘုမ္မနိုးကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ လောက်ပုလဲကျေးရွာ၊ တင်ပြင်ခွေကျေးရွာ၊ ဓါတ်ကုန်းကျေးရွာ၊ အိုးပြင်မဲကျေးရွာ၊ ပန်းတောင်းကျေးရွာနှင့် ကူရွာကျေးရွာတို့အား ရွေးချယ်ထားကြောင်း သိရသည်။

 

အဆိုပါကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် မြေနီကျောက်စရစ်လမ်းလုပ်ငန်း ၅ လမ်း၊ ကွန်ကရစ်လမ်းလုပ်ငန်း ၄ လမ်း နှင့် မီးလင်းရေးလုပ်ငန်း ၇ ခု စုစုပေါင်းလုပ်ငန်း ၁၆ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူများထည့်ဝင်ငွေ စုစုပေါင်းငွေကျပ်  ၁၈၆ ဒသမ ၁ သန်းဖြင့် မတ်လ တတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးခမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောသည်။

 

သူရိန်(မင်းဘူး)